
နေပြည်တော် မေ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု ၊ သီလရှင် ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို မေ ၇ ရက်က သီရိဂန္ဓမာ သပြေအေးမိုးကုတ်ဝိပဿနာကျောင်း တိုက်၌ ကျင်းပရာ နိုင်ငံတော်ကောင်စီဝင်များနှင့် ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
စုပေါင်းရဟန်းခံ ပထမနေ့ မေ ၆ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆)မှစတင်၍ ရှင်လောင်းလှည့်ယာဉ်တန်း ထွက်ခွာလှည့်လည်ခဲ့ပြီး ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ညောင်ပင်တွင် နတ်ပြခြင်း ပြုလုပ်သည်။ ယင်းနောက် သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာ ကျောင်းတိုက် ဆွမ်းစားဆောင်၌ တာဝန်ရှိသူများက သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ မွန်းလွဲပိုင်းတွင် မောင်ရှင်လောင်း များ ဆံချမင်္ဂလာပြုလုပ်ကြသည်။
စုပေါင်းရဟန်းခံရှင်ပြု ဒုတိယနေ့ မေ ၇ ရက်တွင် ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင် ရွက်သည်။ ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓ မာလာ ဦးဆောင်သော ရဟန်းများအား ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးနှင့် ပရိသတ်အပေါင်းတို့က လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သီရိဂန္ဓမာသပြေအေးမိုးကုတ် ဝိပဿနာကျောင်းတိုက် ဆရာတော် ဦးဂန္ဓမာလာ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရစ္ဇျာယ်သော မေတ္တသုတ်ပရိတ်တရားတော်များ အား နာယူကြည်ညိုကြပြီး နိုင်ငံတော်ကောင်စီဝင် များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးပြုသည့် ပရိသတ်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကြသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ် ယဉ်ကျေးမှု ဆိုင်းအဖွဲ့မှ ဗျောခင်း၍ ပူဇော်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဆရာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ပထမအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာတွင် ရှင်သာမဏေ ၁၀ ပါး၊ ဒုလ္လဘရဟန်း ၇၉ ပါးနှင့် သီလရှင် ၁၉ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မျိုး(နေပြည်တော်)