
နေပြည်တော် မေ ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန၊ နေပြည်တော် အမှတ်(၁)ပင်မဓာတ်အားခွဲရုံနှင့် Solar Power Plant တည်ဆောက်ရန် စီမံကိန်းဖြစ် မြောက်နိုင်စွမ်းရှိသည့်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန၊ နေပြည်တော် အမှတ်(၁)ပင်မ ဓာတ်အားခွဲရုံ သို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များ၊ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ထရန်စဖော်မာတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အား ပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထု အသုံးပြုနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ဓာတ်အားခွဲရုံနှင့် ရုံးအဆောက်အဦ သန့်ရှင်းသာယာလှပရေး၊ လုံခြုံ ရေး သတိအမြဲရှိစေရေး၊ သတ်မှတ်လုပ်သက်ပြည့် ဝန်ထမ်းများကို ရာထူးတိုးမြှင့်ပေးနိုင်ရေး၊ ဝန်ထမ်း များ သက်သာချောင်ချိရေးနှင့် ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာလွတ်များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအား ဆောင်ရွက်သွားနိုင်ရေး စီမံဆောင်ရွက်သွား ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ထရန်စဖော်မာတိုးချဲ့ တပ်ဆင်တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့်် တာဝန်ရှိသူ များက Solar Power Plant စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံ ကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် နိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ပြီး Floating Solar နှင့် Ground Mounted ပူးတွဲလျက် Solar Power Plant စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိသည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်