
ဒေါက်တာစိုင်း
(နည်းပညာ)
နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေဖို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ နိုင်ငံတော်၏ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် နည်းပညာကျွမ်းကျင်သူတွေနဲ့ နည်းပညာရှင်တွေ ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင် ရေးဟာ အရေးကြီးလှပါတယ်။ ဒါကြောင့် နည်းပညာကျွမ်းကျင်သူတွေကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။
စတင်မွေးဖွား
နိုင်ငံတော်ရဲ့ GTI ပညာရေးဟာ GTI (အင်းစိန်) မှ စတင်ခဲ့ပါတယ်။ GTI (အင်းစိန်) ဟာ ၁၈၉၅ ခုနှစ် ဧပြီ ၁ ရက် မှာ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် မြို့မကျောင်းလမ်း အမှတ် (၂၉၇) မှာ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး နောင်အခါမှာ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှု သိပ္ပံကျောင်း ၁၂ ကျောင်းအနက် အစောဆုံး ပေါ်ပေါက် လာခဲ့တဲ့ စက်မှုလက်မှုသိပ္ပံဖြစ်လာခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်မှာ GTI (အင်းစိန်) အနေနဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေ က ကူညီပေးခဲ့တဲ့ ကိုလံဘိုစီမံကိန်းရဲ့ အထောက်အပံ့တွေဖြစ်တဲ့ စက်မှုလက်မှု ဆိုင်ရာ အကူအညီတွေ၊ ကျွမ်းကျင်ပါရဂူ တွေနဲ့ ငွေကြေးအကူအညီတွေရရှိခဲ့ပြီး အင်းစိန်ဂျီတီအိုင်က ဆရာ ဆရာမတွေ ကို ပြည်ပနိုင်ငံတွေဆီ စေလွှတ်ပြီး သင်ကြား၊ သင်ယူမှုဆိုင်ရာ အရည် အသွေးမြှင့်တင်မှုတွေနဲ့ စတင်နိုင်ခဲ့ပါ တယ်။
ဆက်လက်ပြီး ၁၉၅၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ Ford Foundation ရဲ့ အကူအညီနဲ့ William Hood Dunwoody Industrial Institute of Minneapolis U.S.A မှ စက်မှုနည်းပညာဆိုင်ရာ အကူ အညီအဖြစ် နိုင်ငံခြားသားအကြံပေး ပုဂ္ဂိုလ် လေးဦး ထောက်ပံ့ရရှိခဲ့ပြီး သင်ကြား၊ စီမံကိစ္စရပ်တွေအတွက် နိုင်ငံခြား ပညာတော်သင်တွေလည်း ထပ်မံစေလွှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် GTI(အင်းစိန်) အနေနဲ့ လူမှုအကျိုးပြု တီထွင်ဖန်တီးမှုအစီအစဉ်တွေ ဆောင် ရွက်နိုင်ခဲ့တယ်။ ဒီလို ဆောင်ရွက်နိုင် ခဲ့တဲ့အတွက် အရှေ့တောင်အာရှနိုင်ငံ တွေထဲက ထင်ရှားတဲ့ GTI အဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်မှာ GTI (အင်းစိန်) ကျောင်း တော်ဟာ နှစ်ပေါင်း (၁၂၅)နှစ် ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
GTI (အင်းစိန်)က အစပြုပြီး မြန်မာ နိုင်ငံမှာ စက်မှုလက်မှုသိပ္ပံ (မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်) တွေကို ဆက်လက် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပြီး နည်းပညာ ကျွမ်းကျင်သူတွေကို မွေးဖွားပေးနိုင်ခဲ့ပါ တယ်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာ မှာ အထူးလိုအပ်နေတဲ့ အရည်အသွေး မြင့်မားတဲ့ နည်းပညာရှင်တွေ၊ ကျွမ်းကျင် ပညာရှင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေ ကို မွေးထုတ်ပေးနိုင်ဖို့ ဒီလို GTI ကျောင်း တွေရဲ့ အရည်အသွေးမြင့်မားဖို့ဟာ အထူး လိုအပ်လှပါတယ်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနအနေနဲ့ “နိုင်ငံတော်ရဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုဖို့အတွက် ပြည်တွင်း လိုအပ်ချက်နဲ့ ကိုက်ညီ၍ ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ နည်းပညာနဲ့ သက်မွေးပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် သင်ကြားလေ့ကျင့် မွေးထုတ်ပေးဖို့” ရည်မှန်းချက်ထား ဦးတည်ဆောင်ရွက် လျက် ရှိပါတယ်။
နှစ်စဉ်မွေးထုတ်
လက်ရှိအချိန်မှာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ အစိုးရ နည်းပညာကောလိပ် လေးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၄ ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၅ ကျောင်း၊ သက်မွေးပညာသင်တန်း ကျောင်း ခြောက်ကျောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် တစ်ကျောင်း စုစုပေါင်းကျောင်း ၇၀ ဖွင့်လှစ်ပြီး AGTI ဒီပလိုမာသင်တန်းတွေ၊ GTHS Certi-ficate သင်တန်းတွေနဲ့ ဒေသလိုအပ်ချက် အရ ဖွင့်လှစ်တဲ့ ကာလတိုသက်မွေးပညာ သင်တန်းတွေကို တိုင်းဒေသကြီး၊ ပြည်နယ် တွေမှာ လေ့ကျင့်သင်ကြားပေးလျက် ရှိပါတယ်။ အစိုးရစက်မှုလက်မှုသိပ္ပံ တွေကနေ ထူးချွန်တဲ့ကျောင်းသား ကျောင်းသူတွေကို နှစ်စဉ် မွေးထုတ်ပေး လျက်ရှိပြီး လေ့ကျင့်သင်ကြား မွေးထုတ် ပေးခဲ့တဲ့ A.G.T.I ဒီပလိုမာ သင်တန်းဆင်း ကျောင်းသားများဟာ ပြည်တွင်းပြည်ပရှိ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအသီးသီး တွင် ကျွမ်းကျင်စွာ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် GTI ကျောင်းတွေရဲ့ ကျောင်း ဥပဓိရုပ်တွေ သာယာလှပကောင်းမွန်စေ ရေး၊ သင်ကြားသင်ယူမှုအရည်အသွေး တွေ ပိုမိုတိုးတက်စေရေး၊ ခေတ်မီ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်း နိုင်ရေး၊ သင်ရိုးညွှန်းတမ်းတွေ နိုင်ငံ တကာအဆင့်မီဖြစ်စေရေး၊ အရည် အသွေးပြည့်ဝတဲ့ နည်းပညာကျွမ်းကျင် ပညာရှင်တွေမွေးထုတ်နိုင်ရေးနဲ့ ဒေသ တွင်း စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက် တွေ အပြည့်အဝ ဖြည့်ဆည်းနိုင်ရေး စတာတွေကိုလည်း တစ်ဖက်တစ်လမ်း ကနေ ဆောင်ရွက်လျက်ရှိပါတယ်။
သင်တန်းကာလ သုံးနှစ်
GTI ကျောင်းတွေကနေ ပို့ချလျက် ရှိတဲ့ AGTI ဒီပလိုမာသင်တန်းအမျိုးအစား ပေါင်း ကိုးမျိုး ရှိပါတယ်။ AGTI ဒီပလိုမာ သင်တန်းကာလဟာ သုံးနှစ်ဖြစ်ပြီးတော့ သင်တန်းတွေကို စာတွေ့သင်ခန်းစာ ၄၀ ရာခိုင်နှုန်း၊ လက်တွေ့သင်ခန်းစာ ၆၀ ရာခိုင်နှုန်းနဲ့ သင်ကြားပို့ချပေးလျက် ရှိပါ တယ်။ သင်တန်းကာလ သုံးနှစ် တက် ရောက်ပြီးစီးပါက ကျောင်းသား ကျောင်းသူတွေအနေနဲ့ မိမိတို့ အထူးပြု တဲ့ သင်တန်းနဲ့ ဆက်နွှယ်တဲ့ စက်မှု လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ လက်တွေ့လုပ်ငန်းခွင် (Internship) ကာလ သုံးလကြာ ဝင်ရောက်ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။
ဒီလို သင်တန်းကာလ သုံးနှစ်အတွင်း World Youth Skills Day ကဲ့သို့ နိုင်ငံတကာအထိမ်းအမှတ်နေ့တွေမှာ သတ်မှတ်ထားတဲ့ GTI တွေမှာ Skills Competition and Innovation Award ပြိုင်ပွဲတွေ ကျင်းပပြုလုပ်စေပြီး ကျောင်း သား ကျောင်းသူတွေရဲ့ ဘာသာရပ် ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ အဖွဲ့ လိုက်ဆောင်ရွက်တတ်မှု၊ စီမံခန့်ခွဲမှု၊ သတင်းအချက်အလက် နည်းပညာနဲ့ ဒစ်ဂျစ်တယ်စွမ်းရည်တွေ အသုံးချနိုင်မှု စတဲ့အရည်အချင်းတွေကို ဖော်ထုတ် ပြသယှဉ်ပြိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီရေး
AGTI သင်ရိုးညွှန်းတမ်းတွေ နိုင်ငံ တကာအဆင့်မီရေးအတွက် သင်ရိုး ညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုအနေနဲ့ Industrial ရဲ့ ကျွမ်းကျင်မှုလိုအပ်ချက်၊ အသိပညာလိုအပ်ချက်၊ အရည်အချင်း လိုအပ်ချက်တွေကို အခြေခံပြီး နိုင်ငံ တကာစံနှုန်းတွေနဲ့အညီ အထူးပြု ဘာသာရပ်နယ်ပယ်အလိုက် သေချာစွာ ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံတွေက TVET သင်တန်းကျောင်းတွေမှာ သင်ကြားပို့ချ လျက်ရှိတဲ့
သင်ရိုးညွှန်းတမ်းတွေနဲ့ နှိုင်း ယှဉ်ရေးဆွဲ (Benchmarking) ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း အမှန် တကယ် သင်ယူတတ်မြောက်မှုနဲ့ ကျွမ်းကျင်မှုတွေရှိလာအောင် ဦးစားပေး လေ့ကျင့်သင်ကြားနိုင်ဖို့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်) ၌ Electrical Power Engineering နဲ့ Industrial Engineering ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)မှာ Electronic Engin-eering နဲ့ Mechanical Engineering စတဲ့ Diploma in Engineering သင်တန်း တွေကို နိုင်ငံတကာအင်ဂျင်နီယာ မဟာမိတ်အဖွဲ့ရဲ့ ထင်ရှားတဲ့သဘောတူ ညီချက်တစ်ခုဖြစ်တဲ့ Dublin Accord ပါ စံသတ်မှတ်ချက်တွေနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (MEC) က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ အညီ အရည်အသွေးအာမခံမှုအား အသိအမှတ်ပြုမှုရရှိရေး လျာထား ဆောင်ရွက်လျက်ရှိပါတယ်။
GTI တွေမှာ ပို့ချလျက်ရှိတဲ့ A.G.T.I ဒီပလိုမာသင်တန်းတွေကို Dublin Accord ပါ စံသတ်မှတ်ချက်တွေနဲ့အညီ အသိအမှတ်ပြုမှုရရှိပြီးပါက GTI ကျောင်း ဆင်းတွေအနေနဲ့ အင်ဂျင်နီယာနည်းပညာ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဂုဏ်ရည်(၁၁)ရပ်ဖြစ်သည့် (၁) အင်ဂျင်နီယာအသိပညာ ဗဟုသုတ၊ (၂) ပြဿနာခွဲခြမ်းစိတ်ဖြာ ခြင်း၊ (၃) ဒီဇိုင်းရေးဆွဲခြင်းနဲ့ ဖွံ့ဖြိုး တိုးတက်ခြင်း၊ (၄) စုံစမ်းစစ်ဆေးခြင်း၊ (၅) ခေတ်မီကိရိယာတွေအသုံးပြုခြင်း၊ (၆) အင်ဂျင်နီယာနဲ့ ကမ္ဘာ၊ (၇) ကျင့်ဝတ်၊ (၈) တစ်ဦးချင်းနဲ့ အဖွဲ့လိုက် ဆောင်ရွက် ခြင်း၊ (၉) ဆက်သွယ်ခြင်း၊ (၁၀) စီမံကိန်း စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေး၊ (၁၁) ဘဝ တစ်သက်တာ သင်ယူခြင်းတို့နဲ့ ပြည့်စုံ လာစေမည် ဖြစ်ပါတယ်။ Dublin Accord အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဩစတြေးလျ နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တောင်အာဖရိက၊ ယူနိုက်တက်ကင်းဒမ်း နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ မလေးရှားနိုင်ငံ စတဲ့ နိုင်ငံတွေရဲ့ အင်ဂျင်နီယာဒီပလိုမာ တွေနဲ့ တန်းတူအဆင့်မီ ဒီပလိုမာတွေ ပေးအပ်ချီးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် AGTI ဒီပလိုမာသင်တန်း ဆင်းတွေအနေနဲ့ ကမ္ဘာ့နိုင်ငံအတော် များများကို အင်ဂျင်နီယာကျွမ်းကျင် အဆင့်ဆိုင်ရာ အလုပ်အကိုင်တွေ လွယ်ကူ စွာသွားရောက်လုပ်ကိုင်နိုင်မှာ ဖြစ်သလို AGTI ဒီပလိုမာသင်တန်းတက်ရောက်ဆဲ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ ကျောင်းတွေမှာ Credit Transfer ပုံစံနဲ့ သက်ဆိုင်ရာ နိုင်ငံခြားကျောင်းတွေရဲ့ တူညီတဲ့ သတ်မှတ်အဆင့်တွေကနေ တစ်ဆင့် တိုက်ရိုက်ဆက်လက် တက် ရောက်ခွင့်တွေ ရရှိနိုင်တော့မှာ ဖြစ်ပါ တယ်။
ပူးပေါင်းဆောင်ရွက်
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ ကနဦး အစီအစဉ်တစ်ရပ်အဖြစ် ရွေးချယ်ထားတဲ့ GTI ကျောင်းတွေနဲ့ အာဆီယံဒေသတွင်းရှိ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ ကျောင်း တွေချိတ်ဆက်ပြီး လေ့လာရေးအစီအစဉ် တွေ၊ သင်ကြားသင်ယူမှုအစီအစဉ်တွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့ကြောင့် အနာဂတ်မှာ နိုင်ငံအတွင်း ရှိ GTI ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေ၊ သင်ကြားရေးဆရာ ဆရာမတွေအနေနဲ့ အာဆီယံဒေသ တွင်းရှိ သတ်မှတ်ထားတဲ့ နည်းပညာ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေမှာ လေ့လာရေးအစီအစဉ်တွေ သွားရောက် လေ့လာနိုင်ခြင်း၊ စာတမ်းဖတ်ပွဲတွေနဲ့ အလုပ်ရုံအစည်းအဝေးတွေ တက်ရောက် နိုင်ခြင်းစတာတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဗဟုသုတတွေဖလှယ်နိုင်ရေး
အလားတူ အာဆီယံဒေသတွင်းရှိ သတ်မှတ်ထားတဲ့ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေ၊ သင်ကြားရေးဆရာ ဆရာမတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရှိတဲ့ သတ်မှတ်ထားတဲ့ GTI ကျောင်းတွေ မှာ လေ့လာရေးလုပ်ငန်းတွေ၊ သင်ကြား သင်ယူမှုအထောက်ကူပြု လုပ်ငန်းတွေနဲ့ အသိပညာဗဟုသုတတွေ ဖလှယ်နိုင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။
AGTI ဒီပလိုမာ သုံးနှစ် သင်တန်း အောင်မြင်စွာပြီးဆုံးရင် သင်တန်းဆင်း တွေအနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ စက်မှု နဲ့စီးပွားရေးလုပ်ငန်းတွေမှာ Supervi-sory Level သို့မဟုတ် Technician Level အဆင့်နဲ့ အင်ဂျင်နီယာကျွမ်းကျင် ပညာရှင်အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ပညာ ရည်ထူးချွန်မှုအလျောက် နိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်တွေက ပို့ချလျက် ရှိတဲ့ အင်ဂျင်နီယာဘွဲ့ (B.E) သင်တန်း တွေနဲ့ အစိုးရနည်းပညာကောလိပ်တွေ မှာ မကြာခင်ဖွင့်လှစ်တော့မယ့် အင်ဂျင် နီယာနည်းပညာဘွဲ့ (B.Tech) သင်တန်း တွေကို ကျောင်းတွေက သတ်မှတ်ထား တဲ့ ဝင်ခွင့်စံသတ်မှတ်ချက်တွေနဲ့ ပြည့်မီ ပါက ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသတွင်းစက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် ရေးဟာ အဓိကကျတဲ့ကဏ္ဍကနေ ပါဝင် နေသလို ဒီစက်မှုနဲ့ စီးပွားရေးလုပ်ငန်း တွေ ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင် ဖို့ဆိုတာ နည်းပညာကျွမ်းကျင်သူနဲ့ နည်း ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်လေ့ကျင့်ပေးတဲ့ GTI ပညာ ရေးဟာ များစွာအရေးပါလျက်ရှိပါတယ်။ အရည်အသွေးပြည့်ဝတဲ့ GTI ပညာရေး အတွက် နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားရေး ဆရာတွေရဲ့ သင်ကြားသင်ယူမှုအရည် အသွေးတွေ၊ ခေတ်မီသင်ထောက်ကူ ပစ္စည်းတွေ၊ ကောင်းမွန်တဲ့ အလုပ်ရုံနဲ့ စာသင်ခန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခရာ ကျလှပါတယ်။
အစဉ်ထွန်းတောက်လာတော့မှာ
ဒါကြောင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေနဲ့ GTI ပညာရေးအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်ဖို့အတွက် အာဆီယံဒေသ တွင်း နိုင်ငံတွေမှာရှိတဲ့ နည်းပညာ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေနဲ့လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ GTI တွေမှာ တက်ရောက် ပညာသင်ယူမယ့် AGTI ဒီပလိုမာ ကျောင်းသား ကျောင်းသူတွေရဲ့ အနာဂတ် ဟာ မိမိတို့ ဒေသတွင်းသာမက နိုင်ငံ တကာအဆင့်သို့တိုင် အစဉ်ထွန်းတောက် လာတော့မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
- Log in to post comments