စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၆၀၂၅ ကျပ် ဈေးကစားပါက အရေးယူမည်

 

နေပြည်တော်   မေ   ၆    


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့်  စားအုန်းဆီ  ကမ္ဘာ့ဈေးနှုန်း  ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌   ဖြစ်သင့်ဖြစ်ထိုက်သည့်  ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်   မလေးရှားနိုင်ငံနှင့်   အင်ဒိုနီးရှားနိုင်ငံတို့တွင်  ဖြစ်ပေါ်နေသည့်   FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊  အခွန် အခများ  ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌   ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

 


ယခုအပတ်အတွင်း    ကမ္ဘာ့စားအုန်းဆီ   ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်း များ တည်ငြိမ်နေပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ် အခြေခံ၍  တွက်ချက်မှု အရ  မေ ၉ ရက်မှ မေ ၁၅ ရက်အထိ  ရန်ကုန်အထိုင်ဈေး  အခြေခံလက်ကားရည်ညွှန်း  ဈေးနှုန်းမှာ    ယခင်ရက်သတ္တပတ်နည်းတူ  စားအုန်းဆီ တစ်ပိဿာလျှင်  ငွေကျပ် ၆၀၂၅  ကျပ်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

 


ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးထုတ်ပြန်ထားသည်။

 


အဆိုပါ အခြေခံလက်ကား  ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏   Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                   
                   

 သတင်းစဉ်