ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ Consultative Meeting တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာ

 

နေပြည်တော်   မေ   ၅


AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Prak Sokhoon ၏   ဖိတ်ကြားချက်အရ  Consultative Meeting   တက်ရောက်ရန်   ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့       ဘန်ကောက်မြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာ သွားသည်။

 


ခရီးစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်အတူ   မြန်မာလုပ်ငန်းအဖွဲ့   (Task Force) အဖွဲ့ဝင်များဖြစ်ကြသည့်  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ လိုက်ပါခဲ့ကြသည်။

 


ဆွေးနွေးပွဲအား မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ဒုတိယအဆင့် ပေးအပ် ဖြန့်ဖြူးနိုင်ရေး၊ အကူအညီများပေးအပ်ရာတွင် ရှိရင်း စွဲအာဆီယံသဘောတူညီမှု     မူဘောင်အတွင်းမှ အကူအညီများ   ပိုမိုပေးအပ်နိုင်ရေး    ဖြစ်နိုင်သည့် နည်းလမ်းများနှင့် တူညီသော နားလည်မှုရရှိရေးတို့ အတွက်   ရည်ရွယ်၍    အဆင့်မြင့်အစည်းအဝေး တစ်ရပ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

 


ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် OCHA’s ၏ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်နှင့်   အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ms. Joyce Msuya ၏ မေတ္တာရပ်ခံချက်အရ ယနေ့ ညနေပိုင်းတွင် ခေတ္တတည်းခိုသည့်  Sokha Hotel   ၌   လက်ခံ တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


သတင်းစဉ်