ယာယီတိုက်ပွဲရှောင် စခန်းများတွင် နေထိုင်လျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

 

နေပြည်တော်   မေ   ၄


ချင်းပြည်နယ် ပလက်ဝမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ယာယီ နေထိုင်၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်ကြမည့် ပလက်ဝ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီတိုက်ပွဲရှောင်အိမ်ထောင်စု များကို  ချင်းပြည်နယ်အစိုးရအဖွဲ့က  ထောက်ပံ့သည့် နေအိမ်အသစ် ဆောက်လုပ်ရန်နှင့်   နေအိမ်ပြုပြင်ရန်အတွက်   ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်းကို ဧပြီ ၃၀ ရက်က ပလက်ဝ မြို့ ကီမိုခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များ၊  ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်  တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။

 


အဆိုပါ ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ် ရာတွင် တာဝန်ရှိသူများက တန်းဆိပ်ကျေးရွာ၊ အောက်မီးလဝကျေးရွာ၊ ပလက်ချောင်းဝကျေးရွာ၊   ရီးမဝကျေးရွာနှင့်  တုံးမဝကျေးရွာများမှ အိမ်ထောင်စု ၄၄ စုအတွက် တန်ဖိုးနည်းအိမ်ရာများကို လည်းကောင်း၊ အိမ်ထောင်စု ၈၇ စုအတွက် နေအိမ်အသစ် ဆောက်လုပ်ရန်နှင့် နေအိမ် ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများများကိုလည်းကောင်း၊ အိမ်ထောင်စု ၁ စုစီ အတွက် ICRC မှ ထောက်ပံ့ပစ္စည်း ခုနစ်မျိုးကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၁၆၉ စုသည် မေ ၂ ရက်တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပလက်ဝမြို့မှ စက်လှေများဖြင့် ထွက်ခွာကြရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့်    ဌာနဆိုင်ရာတာဝန်ရှိသူများက  အိမ်ထောင်စုဝင်များ၏ အသုံးအဆောင်ပစ္စည်းများကို စက်လှေများပေါ်သို့ သယ်ယူရွှေ့ပြောင်း ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                    

သတင်းစဉ်