
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မေ ၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အား အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းက မွန်ပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဆိုင်ရာအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ပြောကြားသည်။
အခြေပြုစီးပွားရေးကဏ္ဍ တိုးတက်လာရေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သောအခြေ အနေများသိရှိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်တစ်ခု၏ တိုးတက်မှုကို ကုန်ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတို့မှ ရရှိသောတန်ဖိုး၊ တစ်နည်း အားဖြင့် GDP ကိုကြည့်၍ ယေဘုယျသုံးသပ်နိုင်မည် ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်း တွင် နှစ်စဉ်လိုငွေဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စု ဖြည့်စွက်ငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်အတွင်း ကဏ္ဍစုံမှ ဝင်ငွေတိုးတက်၍ ပြည်ထောင်စုမှ ထောက်ပံ့မှုကို လျှော့ချနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာများ ၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ပြည်သူလူထု အခြေပြုစီးပွားရေးကဏ္ဍ တိုးတက်လာရေး ပညာပေး စည်းရုံးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
ဈေးကွက်ရရှိရေး စီမံဆောင်ရွက်
တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး နှင့် ပြည်သူလူထုအလွှာပေါင်းစုံမှ ပူးပေါင်းပါဝင်၍ အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း မြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေ ဧက ၁ ဒသမ ၅ သန်းကျော်တွင် ဧက ၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းအပြင် လစ်လပ်မြေနေရာများတွင်လည်း စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ပြည်နယ်အတွက် ဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ အဓိကထွက်ကုန်မှာ ရော်ဘာဖြစ်ပြီး ကုန်ကြမ်းအဖြစ် ရောင်းချမှုအစား တန်ဖိုးမြှင့်ထုတ်ကုန် (Value added) အဖြစ် ပြောင်းလဲထုတ်လုပ်ရောင်းချခြင်း ဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဒေသမှထွက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန် များအတွက် လုံလောက်သော ဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးရန်လည်း အရေးကြီးကြောင်း။
နိုင်ငံခြားငွေယိုပေါက်များကို ထိန်းသိမ်း
မွန်ပြည်နယ်အတွက် အလားအလာရှိသော စီးပွားရေးအဖြစ် ခရီးသွားလုပ်ငန်းသည်လည်း ပါဝင် မည်ဖြစ်ကြောင်း၊ ကျိုက်ထီးရိုးဘုရား၊ ကျိုက္ခမီ ရေလယ်ဘုရား၊ စက်စဲအပန်းဖြေကမ်းခြေ၊ သံဖြူ ဇရပ်မှ သေမင်းတမန်မီးရထားလမ်း၊ စစ်သင်္ချိုင်း၊ ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ အပြင် ရှေးဟောင်းမြို့တော်များ စသည်တို့သည် ပြည်တွင်း ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုကောင်းသည့် နေရာများဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများအဖြစ်တင်စားပြီး ဝင်ငွေ ကောင်းသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ယခု ကတည်းကပင် အနာဂတ်အတွက် မျှော်မှန်း၍ စနစ်တကျပြင်ဆင် စီမံပေးရန်လိုကြောင်း၊ တစ်ဖက် က ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်သကဲ့သို့ တစ်ဖက်မှလည်း မကုန်သင့်သည်ကို မကုန်ရအောင် စက်သုံးဆီနှင့် စားသုံးဆီတို့ကို ချွေတာစိစစ်သုံးစွဲခြင်း ဖြင့် နိုင်ငံခြားငွေယိုပေါက်များကို ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း။
စားသုံးဆီ တိုးမြှင့်ထုတ်လုပ်နိုင်ရေး
ထို့အပြင် ကမ္ဘာတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကြောင့် စက်သုံးဆီဈေးကွက် တည်ငြိမ်မှုမရှိဘဲ ရေနံထုတ်လုပ်သည့် နိုင်ငံများ၏ ဈေးကစားနေမှု ကြောင့်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို နိုင်ငံ အားလုံးခံစားနေရကြောင်း၊ အလားတူ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံအချို့၏ ဈေးမတည်ငြိမ် မှုကြောင့်လည်း စားသုံးဆီမှာလည်း ဈေးနှုန်း မြင့်တက်လာကြောင်း၊ စက်သုံးဆီမှာ သဘာဝအရ ဖြစ်တည်သော သယံဇာတ အခွင့်အလမ်းဖြစ်၍ ထုတ်လုပ်မှုမှာ ကန့်သတ်ချက်ရှိသော်လည်း စားသုံး ဆီနှင့်ပတ်သက်၍ နိုင်ငံအတွင်း ပြည်နယ်အတွင်း တိုးမြှင့်ထုတ်လုပ်နိုင်သော အခွင့်အလမ်းများ ရှိကြောင်း၊ သို့ဖြစ်၍ စက်သုံးဆီ၊ စားသုံးဆီနှင့် ပတ်သက်၍ ခြိုးခြံသုံးစွဲရန်နှင့် စားသုံးဆီ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးသဖြင့် ကျန်းမာရေးနှင့် ညီညွတ် သော နေကြာဆီ စိုက်ပျိုးထုတ်လုပ်နိုင်မှုကိုလည်း ဒေသအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်သည့် နေရာများ၌ စိုက်ပျိုးဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသပေးမှုလုပ်ငန်းများ ဆောင်ရွက်မှု တွင် မွန်ပြည်နယ်အနေဖြင့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအနည်းဆုံးဖြင့် တတိယလှိုင်းကို ဖြတ်ကျော် နိုင်ခဲ့သည့် အောင်မြင်သော ပြည်နယ်တစ်ခုဖြစ် ကြောင်း၊ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းဖြစ်ပါကြောင်း၊ ကောင်းမွန်သော အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုကြောင်းမှာကြားသည်။
ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက် ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ အတွက် တိုင်းပြည်ငြိမ်းချမ်းရန်လိုအပ်သဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကာ ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေကြောင်း၊ တစ်ဖက်မှလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မှန်မှန် ကန်ကန် ကျင်းပနိုင်ရေး၊ မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိ၍ စာရင်းဇယားများ ကိုက်ညီ မှန်ကန်စေရေး ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်ရန်လိုကြောင်း။
ဖြေရှင်းကူညီပေး
မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကို ထမ်းဆောင်နေ ကြသည့် နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း၊ ဌာန အလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီသာ လုပ်ဆောင်ကြရန်လိုကြောင်း၊ ဝန်ထမ်းအားလုံးသည် ပြည်သူများ၏ ထည့်ဝင်သည့် အခွန်အခများမှ လစာမှစ၍ ခွင့်ပြုထားသည့် အသုံးအဆောင်များအထိ ရယူခံစားနေရသဖြင့် ပြည်သူများသည် ဝန်ထမ်းအားလုံး၏ ထမင်းရှင် များဟုပင် ပြောနိုင်ကြောင်း၊ သို့ဖြစ်၍ အရေးပေါ်ကိစ္စ ပေါ်ပေါက်၍ ဝန်ကြီးဌာနများသို့ ဆက်သွယ်လာပါက လိုအပ်ချက်များကို အကျိုးမျှော်ကိုးမှုမရှိဘဲ စေတနာ တရားရှေ့ထားကာ ကူညီဖြေရှင်းပေးခြင်း၊ ဖြည့်ဆည်းပေးခြင်းဖြင့် ကျေးဇူးဆပ်ရန်လိုကြောင်း၊ အချိန်တိုအတွင်း အမြန်ဖြေရှင်းကူညီပေးရန် လိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး လိုက်ပါ၍ ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ဦးစွာ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာတို့မှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီး၏ အုပ်ချုပ်ရေး၊ စီးပွား ရေး၊ လူမှုရေး စသည့်ဒေသဆိုင်ရာအခြေအနေများ အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ချမှတ်ဆောင်ရွက်လျက် ရှိပြီး နိုင်ငံရေးရည်မှန်းချက်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို ချမှတ်ကာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့၏ ဦးဆောင်မှုဖြင့် သစ္စာရှိ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အသိအမှတ်ပြုပါကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန် အောင် ကြံဆဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်းမှာကြားသည်။
ပူးပေါင်းတားဆီး ကာကွယ်သွား
ဆက်လက်ပြီး ပညာရေးနှင့်ပတ်သက်၍ မကြာမီ ဒီဂရီကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းလုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေး လုံခြုံရေးအတွက် ကြိုတင်စီမံထားရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော စာသင်အရွယ်ကလေးငယ်အားလုံး စာသင်ကြားရန် နှင့် အခြေခံအဖြစ် KG+9 ကို တက်မြောက်ရန် တိုင်းဒေသကြီးအစိုးရက အားပေးကူညီရန် လိုကြောင်း၊ နိုင်ငံတော်၏ HR ဖွံ့ဖြိုးမှု၊ ပညာ တတ်မြောက်မှုကို မလိုလားသည့် အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှု မပြုနိုင်ရန်လည်း လုံခြုံရေးအသိဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများအပြင် အစိုးရနှင့် လုံခြုံရေးအဖွဲ့များအားလုံး ပူးပေါင်းတားဆီး ကာကွယ်သွားရန်လိုကြောင်း။
အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးရေး သီးနှံမှာ ဆီအုန်းဖြစ်၍ ရရှိသော ဆီကြမ်းကို ဒေသ တွင်း၌ပင် ဆီချောအဖြစ် ပြောင်းလဲနိုင်ပါက ဒေသ ဆီဖူလုံမှုရရှိပြီး ဝင်ငွေလည်း တိုးတက်ရရှိနိုင်မည် ဖြစ်ကြောင်း၊ ဆီချောထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အအုံများရရှိနိုင်ရေး အလျင်အမြန် ကြံဆ ဆောင်ရွက်သွားရန်လိုကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေ ဖြစ်ပေါ်မှုရှိ၍ ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ဖြည့်ဆည်းပေးနေရသဖြင့် ဒေသတွင်းရှိ အားသာသော အရင်းအမြစ်များကို ထိရောက် အကျိုးရှိစွာ အသုံးချခြင်းဖြင့် တိုင်းဒေသကြီး၏ ဝင်ငွေတိုးမြင့်လာမည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးတက် ရရှိခြင်းဖြင့် တိုင်းဒေသကြီးအတွက် တစ်မျိုးသားလုံး ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတို့ ပိုမို တိုးမြှင့်လာမည်ဖြစ်ကာ တစ်ဦးချင်း ဝင်ငွေတိုးလာ ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားလာမည်ဖြစ်၍ ဒေသတွင်းမှ ပြည်သူများ မလိုအပ်ဘဲ နယ်ကျော်လုပ်အားရှာဖွေခြင်းမှ လည်း ကင်းဝေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စု ဖြည့်စွက်ငွေအား အခြားလိုအပ်သော ပြည်နယ်များ တွင် ဒေသဖွံ့ဖြိုးရေးအတွက် ပိုမိုအသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှားပါးရေသယံ ဇာတများ၊ သန္တာကျောက်တန်းနှင့် သဘာဝအလှ များစွာရှိကြောင်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဝင်ငွေ ကောင်းသော အလုပ်အကိုင်ဖြင့် ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒေသအကျိုး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအကျိုးမှ နိုင်ငံ့အကျိုးအတွက် တိုးတက်ရာ တိုးတက်ကြောင်း ကို ရည်မျှော် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်