
ကျောက်ပန်းတောင်း မေ ၄
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာနှစ်ရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ် ခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်ပင်သာကျေးရွာတွင် ကုန်ထုတ်လမ်း၊ ဂျင်းမြေသားခင်းခြင်းနှင့် အုတ်စီမြောင်းကူးတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် လက်ပံကျင်း(တ)ကျေးရွာတွင် ကုန်ထုတ်လမ်း၊ မြေသားဂျင်းခင်းခြင်းနှင့် အုတ်စီမြောင်းကူးတံတားသုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုမူလငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုငွေကျပ် ၁၁၀ ဒသမ ၅၁ သန်းတို့ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။
ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ကုန်ထုတ်လမ်းတံတား လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ယင်းကျေးရွာများရှိ အိမ်ခြေ ၃၃၇ အိမ်မှ လူဦးရေ ၁၇၄၆ ဦးနှင့် စိုက်ပျိုးဧက ၂၉၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထွန်း ထံမှ သိရသည်။ ကိုပြည့်(ကျေးလက်)