
ရန်ကုန် ဧပြီ ၃၀
ငါးရှဉ့်ကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ငါးရှဉ့်သားဖောက် မွေးမြူ ထုတ်လုပ်နိုင်ရေး နည်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ရှိ ငါးမွေးတောင်သူတို့ထံ လက်တွေ့ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
အာရှတွင် ငါးရှဉ့်မျိုးရင်း ရှစ်မျိုးရှိရာ ထိုရှစ်မျိုး တွင် မြန်မာနိုင်ငံမှ နှစ်မျိုး ပါဝင်လျက်ရှိပြီး သဘာဝ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် လယ်ကွင်းများမှ ဖမ်းဆီး ရရှိသော ငါးရှဉ့်နီနှင့် ငါးရှဉ့်မည်းတို့ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ငါးရှဉ့်ဒိုင်များသို့ တင်သွင်း၍ ထိုမှ တစ်ဆင့် မူဆယ်နယ်စပ်ဂိတ်မှ တရုတ်ပြည်သို့ မြန်မာ့ငါးရှဉ့်များကို တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးရှဉ့်ကို ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံး ဖမ်းဆီး၍ ပြည်ပသို့ တင်ပို့လျက်ရှိသည်။
ရေထွက်ကုန်မွေးမြူထုတ်လုပ်မှုတွင် ဗီယက်နမ် နိုင်ငံသည် နိုင်ငံခြားဝင်ငွေများစွာ ရရှိခဲ့ပြီး ယခုနှစ် ရေထွက်ကုန်တင်ပို့မှုမှ ၁၁ ဘီလီယံရရှိရန် လျာထား ဆောင်ရွက်လျက်ရှိရာ အဆိုပါ ရေထွက်ကုန်တင်ပို့မှု တွင် ဗီယက်နမ်တောင်သူများကိုယ်တိုင် မွေးမြူထုတ် လုပ်သော ငါးရှဉ့်လည်း အပါအဝင်ဖြစ်သည်။ မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာ နိုင်ငံတွင် တောင်သူများကိုယ်တိုင် ငါးရှဉ့်ကို မွေးမြူ ထုတ်လုပ်နိုင်ရန် ဗီယက်နမ်တွင် ကွင်းဆင်းလေ့လာ ပြီး စမ်းသပ်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် စမ်းသပ် သားဖောက်မှု အောင်မြင်ခဲ့သည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယင်းလုပ်ငန်းများရပ်နား ခဲ့ရပြီး ယခုအခါ တောင်သူများဝင်ငွေ ပိုမိုရရှိစေရန် တောင်သူတို့ထံသို့ အဆိုပါနည်းစဉ်ကို ဖြန့်ဖြူးပေး ခြင်းဖြစ်ကြောင်း သိရသည်။
“ဗီယက်နမ်မှာ လေ့လာပြီးတော့ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံမှာ ငါးရှဉ့်ကို စမ်းသပ်မွေးမြူတာ အောင်မြင်တယ်။ ကိုဗစ်ဖြစ်တော့ ရပ်သွားတာ။ အခု မေလမှာ တောင်သူတွေ ကိုယ်တိုင်မွေးမြူနိုင်အောင် ဖြန့်ဖြူးပေးသွားမှာပါ။ မြန်မာနိုင်ငံမှာ သဘာဝ အလျောက် ပေါက်ဖွားရှင်သန်တဲ့ ငါးရှဉ့်ကို ဖမ်းဆီး ပြီး တရုတ်ဈေးကွက်ကို တင်ပို့နေတာကြာပြီ။ လက်သန်းအရွယ် ငါးရှဉ့်ကအစ တင်ပို့တာကြောင့် ကြာရင် မျိုးရင်းပျောက်သွားနိုင်တယ်။ ဒါကြောင့် ဗီယက်နမ်တောင်သူတွေလို ကိုယ်တိုင်မွေး၊ ကိုယ်တိုင် ထုတ်ပြီး တစ်ပိုင်တစ်နိုင် ဝင်ငွေရအောင် ဆောင်ရွက် ပေးမယ်ဆိုရင် အနာဂတ်ရေထွက်ကုန်တင်ပို့မှုကိုလည်း အထောက်အပံ့ဖြစ်စေမှာပါ။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ တောင်သူတွေ လက်ဝယ် အရောက် ငါးရှဉ့်သားဖောက်တဲ့ နည်းစဉ်ကို ဖြန်ဖြူး ပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။
ငါးရှဉ့်မွေးမြူရာတွင် လယ်အတွင်း ကျရောက် လေ့ရှိသည့်ခရုကို အစာအဖြစ်ကျွေးလေ့ရှိပြီး မြန်မာ နိုင်ငံတွင် တွေ့ရှိရသော ငါးရှဉ့်နီနှင့် အမည်းမှာ တရုတ် ဈေးကွက်၌ မျက်နှာပန်းလှသော ရေထွက်ကုန်အဖြစ် နေရာရလျက်ရှိသည်။ ငါးရှဉ့်ကို တရုတ်ဈေးကွက် အပြင် ဥရောပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အရှင် တင်ပို့ရသော ရေထွက်ကုန်ထိန်းသိမ်းမှုနှင့် ထုပ်ပိုးမှု နည်းပညာ လိုအပ်လာမည်ဖြစ်ရာ ဗီယက်နမ်တွင် ထိုနည်းပညာ ရရှိပြီးဖြစ်၍ တရုတ်ဈေးကွက်အပြင် ဥရောပဈေးကွက်တွင် နေရာရရှိရန် ကြိုးပမ်းလျက် ရှိသည်။
နိုင်ငံတော်နှင့် မွေးမြူရေးတောင်သူတို့အတွက် အကျိုးရှိသော ဈေးကွက်ဝင် ငါးရှဉ့်သားဖောက် စမ်းသပ်မှုအောင်မြင်ပြီးဖြစ်ရာ ဈေးကွက်သို့ ထိုးဖောက် နိုင်ရန် ထုပ်ပိုး၊ ထိန်းသိမ်းမှုနည်းပညာများဖြင့် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပါက ငါးရှဉ့်ရေထွက်ကုန် တင်ပို့မှုမှ တိုင်းပြည်ဝင်ငွေ တိုးမြင့်ရရှိစေမည်ဖြစ် သည်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် တောင်သူများ ကိုယ်တိုင်မွေးမြူထုတ်လုပ်နိုင်ရန် မွေးမြူသည့် ပုံစံနည်းပညာများကို မေလမှစ၍ လက်တွေ့ကွင်းဆင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)