သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်    ဧပြီ   ၂၉


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အရာထမ်း များလုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌   ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ ကျင်းပသည်။

 


သင်တန်းဆင်းပွဲ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သင်တန်း ဆင်း အရာထမ်းများအနေဖြင့် ဝန်ကြီးဌာန၊ ဦးစီးဌာန များနှင့်  တက္ကသိုလ်များ၏   မူဝါဒ၊   ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ် များကို သင်ယူပြီးဖြစ်သည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ကြရန်၊ သံဃာ့အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေများအပါအဝင်  အခြားဥပဒေများကို လေ့လာကြရန်နှင့် အဂတိတရားလေးပါးကို သတိထား ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။

 


 တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျှင် အဖွဲ့အစည်းစွမ်းဆောင်ရည် ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ   နေထိုင်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအတွက် ယုံကြည် အားကိုးရသော အရာထမ်းကောင်းများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။

 


ထို့နောက်   ဒုတိယဝန်ကြီး   ဦးအေးထွန်းက သင်တန်းတွင်    ပထမဆု၊ ဒုတိယဆု၊   တတိယဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


အခမ်းအနားသို့   ဒုတိယဝန်ကြီး   ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသားအရာထမ်းများနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ   ညွှန်ကြားချက်များနှင့်အညီ ဧပြီ  ၁၉ ရက်မှ ၂၉ ရက်အထိ     ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။                                      

သတင်းစဉ်