
မနီလာ ဧပြီ ၂၈
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဘိုဟိုးပြည်နယ်တွင် ဧပြီ ၂၇ ရက် နေ့လယ် ပိုင်းက ဆယ်စုနှစ်များစွာသက်တမ်းရှိသည့် တံတားတစ်စင်းကျိုးကျမှု ဖြစ်ပွားရာ ဩစတြီးယားခရီးသွားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲဝန်ထမ်းတစ်ဦးက ဧပြီ ၂၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း၌ ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် တံတားကျိုးကျမှုဖြစ်ပေါ်သဖြင့် မြစ်အတွင်း ထိုးကျ သွားသော ကား ၁၂ စီးပေါ်ပါ ခရီးသွားများအနက် အသက် ၃၀ အရွယ် ဩစတြီးယားအမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
တံတားကျိုးကျမှုဖြစ်ပွားရာတွင် ဩစတြီးယားခရီးသွား၏ ဇနီး ဖိလစ်ပိုင်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၂၀ ကျော်မှာ လွတ်မြောက်သွားခဲ့ကြောင်း၊ ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ ပျားရည်ဆမ်း ခရီးထွက်ရန် အဆိုပါမြို့တွင် ရှိနေခဲ့ကြောင်း သိရသည်။
အဆိုပါတံတားမှာ လိုယေမြို့၌ တည်ရှိပြီး ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က အင်အား ၇ ဒသမ ၂ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် တံတားအစိတ်အပိုင်း တစ်ခု ပျက်စီးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါတံတားကိုပြုပြင်ခဲ့ပြီး ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပေးခဲ့ကြောင်း ဒေသခံအာဏာပိုင် များက ပြောကြားခဲ့သည်။
ဘိုဟိုးအုပ်ချုပ်ရေးမှူး အာသာရက်က တံတားပေါ်တွင် သတ်မှတ် ထားသော ပမာဏထက်များပြားသည့် ဝန်ပိုတင်ဆောင်သည့်အတွက် တံတားကျိုးကျခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ပြောကြားခဲ့သည်။
ဆင်ဟွာ