ဉာဏ်ပညာဦးစီး ဤခရီး ဖြောင့်ဖြူးသာယာရှိပါစေ

Type

 

စိုးနိုင်ထွန်း(ကနီ)

 

“အမှန်တရားက ဖိနပ်စီးနေစဉ် မုသားက ကမ္ဘာတစ်ပတ်ပတ်ပြီးနေပြီ” တဲ့။ 


အမှန်တရား   ဟူသည်  သစ္စာတရားပင်ဖြစ်သည်။   အများ ကြိုက်တိုင်း၊ ကိုယ်ကြိုက်တိုင်း  အမှန်တရားမမည်သလို   ကိုယ် မကြိုက်တိုင်း၊  အများမကြိုက်တိုင်းလည်း   အမှန်တရားမဟုတ်ဟု မဆိုနိုင်ပေ။ မည်သည်ကအမှန်၊   မည်သည်ကအမှား၊   မည့်သည့် အရာက အကြောင်း၊ မည့်သည့်အရာက အကျိုး၊ မည်သည်ကအကောင်း၊ မည်သည်က အဆိုးဟု မှန်မှန်ကန်ကန်ဖြင့် နည်းလမ်းတကျ ဝေဖန် ဆန်းစစ်နိုင်ဖို့ အင်မတန်မှ အရေးကြီးလှပေသည်။ 

 


အမှန်တရားကို   မျက်ကွယ်ပြုကာ   အများအကြိုက်ဆောင်၍ အချိုပေါ်သကာလောင်းသည့်   စကားများဖြင့်   ကိုယ့်အကျိုးစီးပွား ဖြစ်ရေး၊ ဘယ်သူသေသေ ငတေမာ ပြီးရောစိတ်ဓာတ်ဖြင့် ပြုမူဆောင် ရွက်နေကြသည်ကို   ဤမျက်မှောက်ကမ္ဘာတွင်   တွေ့မြင်နေကြရ သည်။

 


ယနေ့ကမ္ဘာကြီးတွင် မည်သည့်နေရာကိုပင်ကြည့်ကြည့် လောဘ မီး၊ ဒေါသမီးတို့ဖြင့် တစ်နည်းမဟုတ်တစ်နည်း အမြဲလောင်မြိုက်၍ နေသည်။ ရှေးယခင်များဆီက ယခုခေတ်အခါလောက် လိုချင်လောဘ တို့ မရှိကြဟုဆိုသည်။ အကြောင်းမှာ မော်တော်ကားများ မပေါ်ထွန်း မီက အဘယ်မှာ မော်တော်ကားအပေါ်လိုချင်တပ်မက်မှု ရှိလိမ့်မည် နည်း။ ထို့အတူ အခြားအသုံးအဆောင်ပစ္စည်းများဖြစ်သည့်   ဇိမ်ခံ ပစ္စည်း၊ အလှအပရေးရာနှင့် ဝတ်စားဆင်ယင်မှုတို့တွင်လည်း ယခု ခေတ်အခါကဲ့သို့ မများပြား၊ မဆန်းကျယ်လှသေးချေ။ ထို့ကြောင့် ဤပစ္စည်းတို့အပေါ် အဘယ်မှာ လိုချင်တပ်မက်မှု ရှိလိမ့်မည်နည်း။ မိမိပိုင်ဆိုင်သည့် အနည်းငယ်မျှသော ပစ္စည်းလေးများဖြင့်သာ ရောင့်ရဲ ၍ ဘဝကို ကျေနပ်နေနိုင်ကြသည်။

 


လိုချင်စရာများသောဘုံ


ကာမဘုံ၊ ရူပဘုံ၊  အရူပဘုံဟူသော   ဘုံသုံးပါးရှိသည့်အနက် ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာလောကကြီးသည်   ကာမဘုံဟူသည့် တပ်မက်စရာ လိုချင်စရာများနှင့် တန်းစီပြည့်နှက်နေသော ဘုံဖြစ် သည်။ လိုချင်စရာများသောဘုံတွင် နေထိုင်နေကြသောကြောင့် လိုချင်စိတ်ဖြစ်မိသည်မှာ မဆန်းသော်လည်း  မိမိရပိုင်ခွင့်ကိုကျော်၍ အခြားသူ တစ်ပါးတို့၏ ရပိုင်ခွင့်များအပေါ် လိုချင်စိတ်၊ ပိုင်ဆိုင်ချင် စိတ်များ  ဖြစ်လာကြသောကြောင့်   ဤကမ္ဘာလောကကြီး ပူလောင် ဆူပွက်၍ စစ်မက်ထူပြောနေကြခြင်းဖြစ်သည်။

 


ကမ္ဘာ့ခေါင်းဆောင်ကြီးများအမည်ခံ  ပုဂ္ဂိုလ်ကြီးများကပင် ယနေ့ ဤနေရာတွင်  တစ်မျိုးပြောပြီး  နောက်နေ့  နောက်တစ်နေရာတွင် နောက်တစ်မျိုးပြောကာ    မုသာဝါဒကံ (လိမ်လည်ပြောဆိုခြင်း)၊ ပိသုဏဝါစာကံ(ကုန်းတိုက်ခြင်း၊ ရန်လိုအောင် ပြောဆိုခြင်း) တို့ကို အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြ လေသည်။  ကမ္ဘာစောင့်တရား  နှစ်ပါးဖြစ်သော   (ဟီရိ၊ ဩတပ္ပ) မကောင်းမှုပြုလုပ်ရမည်ကို ရှက်ခြင်းနှင့် မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းတည်းဟူသော   လောကပါလတရားများ   ကင်းကွာ ဆိတ်သုဉ်း၍လာကြပြီဖြစ်သည်။ ဤသို့ ပြုမူ၊ ပြောဆိုနေကြသည်ကို ကောင်းသည့်လက္ခဏာအနေဖြင့်  အတုယူနည်းမှီနေကြမည်ဆိုပါက  ကျွန်ုပ်တို့နေထိုင်နေသော ဤကမ္ဘာလောကကြီးသည် တဖြည်းဖြည်း ပျက်စီးသွားရန်သာ  ရှိပေတော့မည်။

 


ထိုကမ္ဘာ့ခေါင်းဆောင်ကြီးဆိုသူတို့သည် လွန်လေပြီးသောတစ်ချိန် က ယင်းတို့ မလိုလားသော နိုင်ငံတစ်ခုကို  ပြစ်တင်ခြင်း၊  ရှုတ်ချခြင်း၊ စီးပွားရေးပိတ်ဆို့ခြင်း စသည့်အရေးယူခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ သော်လည်း ယခုအခါတွင် အဆိုပါနိုင်ငံသည် ယင်းခေါင်းဆောင်ကြီး တို့၏ အကျိုးစီးပွားအတွက် လိုအပ်လာပြီဖြစ်သောအခါ ယခင်က ပြဿနာဖြစ်ခဲ့ဖူးခြင်းပင်မရှိခဲ့သလို တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းပမာ ဟန်ဆောင် လှည့်စားကာ ဖာထေးမြှောက်ပင့်လာကြပြန်သည်။ 

 


ဤကဲ့သို့ ခုတစ်မျိုး တော်ကြာတစ်မျိုးဖြင့် အမျိုးမျိုးအပြောင်းအလဲ ပြု ဗလောင်းဗလဲအမှုတို့ကို လုပ်ဆောင်နေသူတို့၏စိတ်နှင့်  မာယာ လှည့်ကွက်တို့ကို အဆုံးစွန်အထိ  ကျယ်ကျယ်ပြန့်ပြန့်  တွေးမြင်နိုင် သည့် ဉာဏ်ပညာမျိုးရှိရန် လိုအပ်ပေသည်။

 


အတွေ့အကြုံဟူသည် အကောင်းဆုံးဆရာ


ဉာဏ်ပညာကို အင်္ဂလိပ်တွင်  wisdom ဟုခေါ်သည်။ wisdom ၏ အဓိပ္ပာယ်ကို OALD 10th edition တွင် "the ability to make sensible decisions and give good advice because of the experience and knowledge that you have" ဟု ဖော်ပြထားသည်။ ဉာဏ်ပညာဟူသည် သိမြင်တတ်သောတရား၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို  မှန်ကန်စွာ  ဝေဖန်ပိုင်းခြား  ဆုံးဖြတ်နိုင်သော အသိဉာဏ်ပင်ဖြစ်သည်။ ယင်းကဲ့သို့သော အသိဉာဏ်ပညာကို နေ့စဉ် တွေ့ကြုံနေကြသော အတွေ့အကြုံများမှလည်းကောင်း၊   ကြိုးစား အားထုတ်ဆည်းပူးထားသော အကြားအမြင်၊ ဗဟုသုတတို့မှလည်း ကောင်း  ရရှိကြသည်။ "Experience is the best teacher" အတွေ့အကြုံဟူသည် အကောင်းဆုံးဆရာဖြစ်သည်ဟု ဆိုထားသဖြင့် အတွေ့အကြုံများနှင့် ဉာဏ်ပညာတို့ ပေါင်းစပ်၍ လုပ်ဆောင်ပါက အကောင်းတကာ့ အကောင်းဆုံးပင် ဖြစ်သွားပေလိမ့်မည်။

 


ကျွန်ုပ်တို့ငယ်စဉ်အခါမှစ၍    သင်ယူလေ့လာဆည်းပူးခဲ့သော Formar Education ဖြစ်သည့် မူကြို၊ မူလတန်းတို့မှအစ မဟာတန်း တို့အလယ် ပါရဂူတန်းများအထိ သင်ယူ၊ သင်ကြားမှုများသည် ဉာဏ် ပညာများမဟုတ် ဉာဏ်ပညာတည်းဟူသော အဆီအနှစ်ကို ထုတ်ယူ နိုင်သည့် Subject Matter များသာဖြစ်သည်။ Subject Matter ဟူ သည် စာအုပ်၊ စာစောင်၊ မိန့်ခွန်း၊ ဟောပြောပွဲစသည်တို့မှ ဒေတာ အချက်အလက် စိတ်ကူး၊ အယူအဆတို့ပင် ဖြစ်သည်။ ယင်းဒေတာ အချက်အလက် Subject Matter များမှ ဆင့်ပွားကာ ဉာဏ်ပညာတည်း ဟူသော အဆင့်သို့ရောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင် အကြောင်းအရာစုံ၊ ကဏ္ဍစုံတို့မှ  စာပေတို့ကို   နှံ့နှံ့စပ်စပ်ဖတ်ရှုပြီး လက်တွေ့ဘဝ အတွေ့အကြုံများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆင်ခြင် သုံးသပ်နိုင်ရန်လိုသည်။

 


ဤကဲ့သို့ အတွေ့အကြုံရော ဉာဏ်ပညာနှင့်ပါ  ပြည့်စုံပါမှ မိမိထံ သို့ ဝင်ရောက်လာသူ၊ ပေါင်းသင်းလာသူများအား မည်သူကမိတ်ဆွေ စစ်၊  မည်သူက  မိတ်ဆွေတုဟု  ကောင်းစွာခွဲခြားနိုင်မည်ဖြစ်သည်။ အကျိုးလိုလို့ ညောင်ရေလောင်းသူလား၊ မိမိကို အင်အားချည့်နဲ့အောင် ကုန်းချောရန်တိုက်ပေးသူလား၊ မြှောက်ပင့်ခိုင်းစားသူလားဆိုသည်ကို ဂဃနဏ ခွဲခြားနိုင်သူ ဖြစ်ပေမည်။
လူနှင့် တိရစ္ဆာန်ကွာခြားသည်မှာလည်း အဓိကအားဖြင့် အလှ အပကို ခံစားတတ်ခြင်း၊  ကိုယ်ကျင့်တရားရှိခြင်းနှင့်   ကျိုးကြောင်း ဆင်ခြင်နိုင်သော ဉာဏ်ပညာရှိခြင်း ဟူသည့် အချက် (၃) ချက်သာ လူသားတို့သည် တိရစ္ဆာန်တို့ထက် ထူးခြားသာလွန်ကြောင်း ဆရာ ကြီး ဦးအောင်သင်းက ဆိုသည်။ 

 


ပညာသည်သာ အရာရာဦးဆောင်နိုင်


ကျွန်ုပ်တို့   ဗုဒ္ဓဂေါတမသာသနာတွင်လည်း   ပညာအရာ၌ ဧတဒဂ်ရရှိတော်မူသော အဂ္ဂသာဝက အရှင်သာရိပုတ္တရာကိုယ်တော် မြတ်ကြီးကိုသာ မြတ်စွာဘုရား၏ လက်ယာရံ အဖြစ် ထားတော်မူသည် မှာ လောကတွင် ပညာသည်သာအခရာ ဖြစ်၍ ပညာသည်သာ အရာရာ ဦးဆောင်နိုင်မှုကို ဖော်ပြလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ တွင်လည်း တစ်ချိန်က အာရှတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ ဆောင်ပုဒ်မှာ “နတ္တိသမံ ဝိဇ္ဇာမိတ္တံ - ပညာနှင့်တူသော မိတ်ဆွေ မရှိ ” (There is no Friend like Wisdom) ဖြစ်သည်။ ပညာသည်သာ  မိမိတို့၏   အားကိုးရာ  ပညာသည်သာမိမိတို့ ၏ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ဖြစ်ကြောင်း ဖော်ပြထားသည်။

 


တစ်ခါက အသားမျိုးစုံစားဖူးခဲ့ပြီးဖြစ်သော မြေခွေးတစ်ကောင် သည် အဆွေခင်ပွန်းဖြစ်သည့် ခြင်္သေ့နှင့် ကျားတို့၏အသားကို စားချင် သောကြောင့် ခြင်္သေ့ကိုတစ်လှည့်၊ ကျားကိုတစ်ခါ  သုံးကြိမ်သုံးလီ  ကုန်းတိုက်ပြောဆို  ရန်တိုက်ပေးခဲ့သည်။  ဤသို့  ရန်တိုက်ပေးခြင်းဖြင့် ခြင်္သေ့နှင့် ကျားသည် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ကင်းမဲ့လာကာ ရန်သတ္တရုပြု၍ ခိုက်ရန်ဖြစ်ပွား သတ်ပုတ်ကြပြီး သေဆုံးလျှင် ခြင်္သေ့ နှင့်   ကျားတို့၏ အသားကို   မြိန်ရေရှက်ရေစားသုံးရန်ဟူသော မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သို့သော် မိတ်ဆွေအရင်း အချာ ပီသသော ဉာဏ်ပညာရှိသည့်  ခြင်္သေ့နှင့် ကျားတို့က မြေခွေး၏ သုံးကြိမ်သုံးခါ  မကောင်းကြောင်း ဆိုလာမှုအပေါ် တစ်ဦးနှင့်တစ်ဦး ဉာဏ်ပညာကိုရှေ့ထား မိတ်ဆွေရင်းစကားဆိုပြီး တိုင်ပင် ဆွေးနွေးမှု ကြောင့် မကောင်းကြံအတ္တသမား ကုန်းတိုက်သောမြေခွေးသည်ပင် အဝေးသို့ လွင့်စင်ခဲ့ရသည်။

 


အဆိုပါ ပုံပြင်တွင် ခြင်္သေ့နှင့် ကျားတို့သည် ဉာဏ်ပညာနှင့် အဆွေ ခင်ပွန်းစိတ်သာ မရှိခဲ့ပါမူ ကောက်ကျစ်သော  မြေခွေးလက်တွင်း သက်ဆင်းသေပွဲဝင်ရမည်သာဖြစ်သည်။   ထို့ကြောင့်  အရာရာတွင် ကောက်ကျစ်လာသော၊ လှည့်ဖျားလာသော၊ အကျိုးလို၍ ညောင်ရေ လောင်းသော အန္တရာယ်အမျိုးမျိုးတို့ကို  ဉာဏ်ဦးစီး၍   လုပ်ကိုင် ဆောင်ရွက်မှသာ ဘဝတွင် အဆင်ပြေ၍ လောကကြီးကို အလှဆင် နိုင်ကြမည်ဖြစ်သည်။


လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
­ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။        ။