
နေပြည်တော် ဧပြီ ၂၈
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်း ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ရုံးအမှတ် ၅၈ ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၁) နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့က အဖွင့်အမှာစကား ပြောကြား ကြသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က တောမီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်ကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘာဝ တောနှင့် သစ်တောစိုက်ခင်းများ တောမီးအန္တရာယ် လျော့နည်းရေး ဆောင်ရွက်မှုကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက် မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ် ဆိုင်ရာ ပူးတွဲကာကွယ်ရေးယန္တရားတစ်ရပ် ထူထောင် နိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေးလုပ်ငန်းနယ်ပယ်တွင် မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ခြင်းဖြင့် တောမီးများလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နိုင်သည့်ဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ် နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်စပ်အကြား မီးလောင်ကွက်များပျံ့နှံ့မှု၊ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်း စီမံချက် ရေးဆွဲဆောင်ရွက်မှု၊ ဘက်စုံပါဝင်သော အမျိုးသားအဆင့် မီးစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်မှု၊ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံ သဘောတူညီ ချက်အပေါ် ပူးပေါင်းဆောင်ရွက်မှု၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်းကို ကာကွယ်နိုင်ရေးအတွက် ကုန်းမြင့်လယ်ယာစိုက်ပျိုး ခြင်းစနစ် တိုးမြှင့်ဆောင်ရွက်မှု၊ တောမီးလောင်ကျွမ်းမှု အန္တရာယ် လျှော့ချရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်မှုတို့ကို ဆွေးနွေးကြပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်း ဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တောမီး ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်သတိပေးရေး၊ တောမီးလောင်ကျွမ်းမှုလျှော့ချရေး၊ တောမီးလောင်ကျွမ်း မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နိုင်ငံအတွင်း တောမီး ကာကွယ်ရေးဆိုင်ရာ ဘက်စုံပါဝင်သော အမျိုးသား အဆင့်လုပ်ငန်းအစီအစဉ်ကို ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်