
နေပြည်တော် ဧပြီ ၂၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန် အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဦးဆောင်ကော်မတီအစည်း အဝေး၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် လာကြသဖြင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာန များနှင့် အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း။
တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိမှုအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလျက် ရှိရာ ဦးဆောင်ကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပခဲ့ခြင်းနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဖမ်းဆီးရမိမှု လချုပ်တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက “တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်၍ ထိထိရောက်ရောက် အရှိန်မြှင့် ဆောင်ရွက်ဖို့” နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ခရီးစဉ်၌လည်း “နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တရားမဝင်ကုန်သွယ်မှုများ မရှိစေ ရေး အလေးထားကြပ်မတ်ဆောင်ရွက်ဖို့” လမ်းညွှန် မှာကြားခဲ့ကြောင်း။
နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကို အလေးထားသည့်အတွက် မိမိတို့အားလုံး လမ်းညွှန်ချက်အတိုင်း အရှိန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဖမ်းဆီးရမိမှု
ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးရမိ အမှုတွဲ ၂၉၈ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၆ ဒသမ ၃၂၄) ဘီလီယံနှင့် ဖေဖော်ဝါရီလတွင်ဖမ်းဆီးရမိ အမှုတွဲ ၂၄၇ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၃ ဒသမ ၁၅၀) ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ တွင်ဖမ်းဆီးရမိ အမှုတွဲ ၃၀၁ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၃ ဒသမ ၄၃၀) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။
ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ ၈၄၆ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် (၁၂ ဒသမ ၉၀၄) ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ ၅၀၁ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၁ ဒသမ ၈၁၅) ဘီလီယံဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ ၃၄၅ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၁ ဒသမ ၀၈၉) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
ယခင်နှစ် တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီး ရမိတန်ဖိုးငွေကျပ် (၈ ဒသမ ၄၅၉) ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် သုံးလအတွင်း ခန့်မှန်း တန်ဖိုးငွေကျပ် (၄ ဒသမ ၄၄၅) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ သည်ကို တွေ့ရမည် ဖြစ်ကြောင်း။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ထိုသို့ဖမ်းဆီးရမိမှုတိုးတက်လာခြင်းကို ကျေနပ် မနေဘဲ နိုင်ငံတော်နှင့် စီးပွားရေးမဏ္ဍိုင်ကို ထိုးနှက်မှု ရှိနေသော တရားမဝင်ကုန်သွယ်မှုများရှိနေဆဲဖြစ်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ဖမ်းဆီးရမိပစ္စည်းများတွင် ကန့်သတ်ကုန်ပစ္စည်း များ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေ တတ်သည့် ကန့်သတ်ပစ္စည်းများသာမက ဓာတု ကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိသည်ကို တွေ့ရကြောင်း။
နိုင်ငံ၏ဂုဏ်သိက္ခာ ထိခိုက်စေမည်
အဆိုပါဖမ်းဆီးရမိကုန်ပစ္စည်းများမှ ကန့်သတ် ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဓာတုကုန်ကြမ်းပစ္စည်းများနှင့် မူးယစ်ဆေးဝါးများသည် ပြည်တွင်း၌ အသုံးချရန်ရည်ရွယ်ခဲ့ပါက မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အန္တရာယ် ကြီးမားသကဲ့သို့ အခြားနိုင်ငံများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိသွားမည် ဆိုပါက နိုင်ငံ၏ဂုဏ်သိက္ခာ ထိခိုက်စေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တာဝန်ကျဝန်ထမ်းများအနေဖြင့် တားဆီးစစ်ဆေးအရေးယူမှုများနှင့် စပ်လျဉ်း၍ သစ္စာရှိရှိ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
တိုးတက်မှုတစ်ခုအနေဖြင့် ယခင်က တရားမဝင် ကုန်သွယ်မှု ဖမ်းဆီးရမိမှုမရှိခဲ့သည့် ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးရမိမှုများ ရှိလာသည်ကို တွေ့ရကြောင်း၊ နယ်စပ်ဒေသများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကုန်းတွင်းပိုင်းတို့တွင် ပုံမှန်ဖမ်းဆီးရမိမှုများ ရှိနေသော်လည်း ကမ်းရိုးတန်း ဒေသများ၌ ဖမ်းဆီးရမိမှု အားနည်းနေသည်ကို တွေ့ရကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် အခက်အခဲများတွေ့ကြုံ ရပါက ဦးဆောင်ကော်မတီသို့ တင်ပြကြရန်နှင့် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေ
ဖမ်းဆီးရမိမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများအနေဖြင့် သတ်မှတ်ဆုကြေးများ မြန်မြန် ဆန်ဆန် ခွဲဝေထုတ်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေကြကြောင်း၊ သတ်မှတ်ထားသည့်ဆုကြေး မြန်မြန်ဆန်ဆန်ခွဲဝေချီးမြှင့်မှုသည် တာဝန်ကျ ဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တွင် စိတ်အားထက်သန်မှု ပိုမိုဖြစ်ပေါ်စေကြောင်း။
တရားမဝင်ကုန်ပစ္စည်းများကို တားဆီးစစ်ဆေး အရေးယူရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအပြင် တရားမဝင်ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ် များကိုလည်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူပြီး နိုင်ငံ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရခြင်းများလည်းရှိကြောင်း၊ သို့သော် စနစ်တကျထိန်းသိမ်းခြင်းမရှိသည့်အတွက် ဖမ်းဆီးရမိ မော်တော်ဆိုင်ကယ်အများစုသည် သုံးစွဲ၍မရအောင် ပျက်စီးနေသည့်အတွက် များစွာဆုံးရှုံးနစ်နာကြောင်း။
နည်းလမ်းများ ရှာဖွေဖြေရှင်း
ထို့အတူ ဖမ်းဆီးရမိမော်တော်ယာဉ်များကို စိစစ်ရာတွင် မော်တော်ယာဉ် ၂၅၇ စီးတွင် ခုနစ်စီးသာ အမှန်တကယ်အသုံးပြု၍ရသည့်အတွက် ၂ ဒသမ ၄ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သည်ကို တွေ့ရှိရကြောင်း၊ နည်းလမ်းများ ရှာဖွေဖြေရှင်းသွားကြရမည်ဖြစ် ကြောင်း။ လိုအပ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်၍ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ အဖြေရှာသွားကြရမည် ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်ရန် လိုအပ် ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာ သော ယာဉ်များကို မည်သို့သောအခြေအနေမျိုးတွင် သိမ်းဆည်းမည်၊ မည်သည့်ဥပဒေဖြင့် အရေးယူမည်၊ မည်သည့်ဌာန အဖွဲ့အစည်းသို့ အပ်နှံရမည်စသည့်လုပ်ထုံးလုပ်နည်းများ များစွာကွာခြားမနေရန် လိုကြောင်း၊ ပိတ်ပင်တားမြစ် ကုန်ပစ္စည်းသယ်ဆောင် ခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများနှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းသယ်ဆောင်ခြင်းဟူ၍ သတ်မှတ်ထုတ်ပြန် ထားသည့် အမိန့်ကြော်ငြာစာများ၊ အရေးယူရမည့် ဥပဒေပုဒ်မများကို တိတိကျကျ လိုက်နာဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေး
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင် သော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများမှ ဝန်ထမ်းများအနေဖြင့် ဌာနတစ်ခုနှင့် တစ်ခုရှိ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အပြန်အလှန်သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တရားမဝင်ကုန်ပစ္စည်း တားဆီးဖမ်းဆီး ရာတွင် ပါဝင်သော ဝန်ထမ်းများအနေဖြင့် တာဝန် ထမ်းဆောင်ချိန်တွင် မှန်မှန်ကန်ကန် ဆုံးဖြတ် ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ SOPများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို ပိုမိုကျေညက်စွာ နားလည်ရန်လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း။
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်နှင့် ဆေးဝါးများ၊ အလှကုန်ပစ္စည်း များနှင့် ပတ်သက်၍ ယမန်နေ့က MICC-II ၌ ကျင်းပခဲ့ သည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားတွင် FDA နှင့် ဆက်စပ်ဝန်ကြီး ဌာနအလိုက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် မူဝါဒလုပ်ငန်းစဉ်များအတိုင်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
လုံခြုံရေးနှင့် နေထိုင်မှုအဆင်ပြေရေး
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက် ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိစေသော်လည်း တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်သည့်သူများတွင် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာကြောင်း၊ ထိုသို့သော ထိခိုက် ဆုံးရှုံးမှုများအတွက် ဖမ်းဆီးမှုတွင်ပါဝင်သည့် တာဝန် ရှိသူများနှင့် ဝန်ထမ်းများကို မကျေနပ်သောစိတ်၊ လက်စားချေလိုသောစိတ်ဖြင့် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာ အောင် နည်းမျိုးစုံသုံး ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ လုံခြုံရေး ကို ဂရုစိုက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် OSS အဖွဲ့ဝင်ဌာနများသို့ ညွှန်ကြားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များကိုလည်း လှုပ်ရှားဆောင်ရွက်စေခဲ့ကြောင်း၊ ဌာန အကြီးအကဲများအနေဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင် နေသော ဝန်ထမ်းများကို မိသားစုဝင်ကဲ့သို့ သဘောထား ၍ ၎င်းတို့၏ လုံခြုံရေးနှင့် နေထိုင်မှုအဆင်ပြေရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် တားဆီး စစ်ဆေးအရေးယူခြင်းများရှိသကဲ့သို့ တာဝန်သိပြည်သူ များ၏ သတင်းပေးတိုင်ကြားမှုများမှတစ်ဆင့် ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်များလည်း ရှိကြောင်း။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း သတင်း ပေးတိုင်ကြားမှု စုစုပေါင်း ၂၉ မှုရှိခဲ့ပြီး ဖမ်းဆီးရမိမှု ၂၂ မှု၊ သတင်းမှား ငါးမှု၊ နောက်ကျ သတင်းပေး တစ်မှုနှင့် ဆောင်ရွက်ဆဲ တစ်မှုတို့ဖြစ်ပြီး သတင်းပေး တိုင်ကြားမှု၏ ၇၆ ရာခိုင်နှုန်းခန့် အမှန်တကယ် ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရကြောင်း။
တရားမဝင်ကုန်သွယ်မှု တိုင်ကြားနိုင်
ယခုအချိန်အထိ သတင်းပေးတိုင်ကြားမှုများ ဆက်လက်ရရှိနေပြီး သတင်းချပြ ဖမ်းဆီးရမိမှုများ လည်းရှိနေကြောင်း၊ သို့သော် တရားမဝင်ကုန်သွယ်မှု အခြေအနေနှင့် တိုင်ကြားမှုအရေအတွက်ကို နှိုင်းယှဉ် ကြည့်လျှင် နည်းပါးနေသေးသည့်အတွက် တရားမဝင် ကုန်သွယ်မှုနှင့်ပတ်သက်၍တိုင်ကြားနိုင်ကြောင်းကိုအများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ညှိနှိုင်းပြင်ဆင် ပြဋ္ဌာန်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အရေးယူခြင်းများဆောင်ရွက်သကဲ့သို့ အသိပညာ ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်သူရ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော် တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီအစည်းအဝေး (၂/၂၀၂၂) သို့ တင်ပြသည့် အမှာစာများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးဝင်းရှိန်၊ ဦးဆောင် ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်