
မျိုးမြတ်မိုး (MANA)
မြန်မာ့ကော်ဖီစိုက်ပျိုးမှု
ကော်ဖီသီးနှံ၏ မူရင်းဒေသမှာ အီသီယိုးပီးယား နိုင်ငံဖြစ်ပြီး ၁၃ ရာစုတွင် စတင်တွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့် ကော်ဖီပင်သည် အီဂျစ်နိုင်ငံနှင့် ယီမင် နိုင်ငံတို့သို့ ပျံ့နှံ့ခဲ့သည်။ ၁၅ ရာစုနောက်ပိုင်းတွင် အင်္ဂလန်၊ ဘရာဇီး၊ သြစတြေးလျ၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့၌ စိုက်ပျိုးခဲ့ကြ သည်။ ၁၇၂ ၇ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌လည်းကောင်း၊ ၁၈၅၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌လည်းကောင်း၊ စတင်စိုက်ပျိုးထုတ်လုပ်လာသည်။ မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်း များအရ သိရသည်။
၂၀၁၇ ခုနှစ် မေလတွင် နေပြည်တော်၌ ပထမ အကြိမ် ကော်ဖီဖိုရမ် ကျင်းပပြီးချိန်နောက်ပိုင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုအား ပိုမိုစိတ်ဝင်စား လာသည်ကို တွေ့ရှိရပြီး စိုက်ဧကများလည်း ပိုမို တိုးတက်လာသည်။ အရည်အသွေးပိုင်းတွင်လည်း တိုးတက်မှုရှိလာခဲ့ပြီး ရောင်းတမ်းဝင် ဖြစ်လာ ခဲ့သည်ကို တွေ့ရှိရသည်။ ယခုအခါတွင် မြန်မာ့ အထူးတန်းဝင် ကော်ဖီမှာလည်း နိုင်ငံတကာဈေး ကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ အတော်အသင့် နေရာယူလာပြီဖြစ်သည်။ မြန်မာ့အာရေဗီးကား ကော်ဖီအတွက်လည်း အနာဂတ် အလားအလာ ကောင်းများ တွေ့ရှိနေရပြီဖြစ်၍ နည်းစနစ်ပိုင်းနှင့် အရည်အသွေးပိုင်းတို့တွင် အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်စေရေး ထုတ်လုပ်တင်ပို့မှုကို အထူး အလေးထား ဆောင်ရွက်လျက်ရှိနေကြောင်းလည်း တွေ့ရသည်။
ရိုဘက်စတာကော်ဖီ
မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ရိုဘက်စတာ ကော်ဖီသည်လည်း အာရေဗီးကားကော်ဖီနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းကောင်းမွန်ခြင်း၊ စီးပွား ဖြစ် လုပ်ကိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရာသီဥတုနှင့် မြေအခြေအနေပေးခြင်းတို့ကြောင့် နိုင်ငံခြားငွေ တိုးမြင့်ရရှိရေးအတွက် တိုးချဲ့စိုက်ပျိုး ရန် ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီစိုက်တောင်သူ များ ဝင်ငွေတိုးပွားရေးနှင့် ဈေးကွက်ဝင်ကော်ဖီများ၊ ကော်ဖီအရောင်းသွက်စေရန်အတွက် သွင်းကုန် အစားထိုးပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရှိနေသော ရိုဘက်စတာကော်ဖီကိုလည်း အရှိန်အဟုန်မြှင့် စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ကော်ဖီအထွက်နှုန်း ကောင်းမွန်စေရန်နှင့် အရည်အသွေးကောင်း ကော်ဖီမျိုးကောင်းမျိုးသန့် များကို ဖြန့်ဖြူးနိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကော်ဖီစိုက်ပျိုးနည်းစနစ်များ အသုံးပြုရန် လိုအပ်သည့်အတွက် တောင်သူပညာပေးသင်တန်း ဖွင့်လှစ်ပြီး ကော်ဖီစိုက်တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ စတင်စိုက်ပျိုးသည်မှ ကုန်ချော အဆင့်ရသည်အထိ လိုအပ်သည့် ပံ့ပိုးကူညီ ဖြည့်ဆည်းမှုတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကော်ဖီစိုက်တောင်သူများအား ပြောကြားထားသည်။ ပြင်ဦးလွင်ဒေသနှင့် ရွာငံ ဒေသမှထွက်ရှိသော အော်ဂဲနစ်ကော်ဖီကို ပြည်ပ နိုင်ငံများဖြစ်သည့် တရုတ်၊ ဟောင်ကောင်၊ မလေး ရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနိုင်ငံတို့ကို တင်ပို့နိုင်သည့်အပြင် ယခုလက်ရှိ အမေရိကန် နိုင်ငံမှလည်း ကမ်းလှမ်းဝယ်ယူမှုများ ရှိလာခဲ့ပြီ ဖြစ်သည့်အတွက် ကမ္ဘာ့ကော်ဖီ ဈေးကွက်ဝေစုရရှိ နေပြီး အော်ဂဲနစ်ကော်ဖီမှ နိုင်ငံခြားဝင်ငွေရရှိသော ပြည်ပပို့ကုန်တစ်ရပ်အနေဖြင့် တွေ့မြင်ရသည်။
ကော်ဖီပြပွဲ၊ ပြိုင်ပွဲများ
မြန်မာနိုင်ငံအတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ကော်ဖီများကို ပြည်ပနိုင်ငံများသို့ ထိုးဖောက်နိုင်စေ ရန်နှင့် ဈေးကွက်တိုးချဲ့နိုင်စေရန် နိုင်ငံတကာတွင် ကျင်းပပြုလုပ်သည့် ကော်ဖီပြပွဲ၊ ပြိုင်ပွဲများ၌ ပါဝင် ပြသခြင်းအားဖြင့် မြန်မာ့ကော်ဖီအရည်အသွေးကိုကမ္ဘာတစ်ဝန်းမှ ပိုမိုသိရှိလာစေရန် ရည်မှန်းထား ကြောင်း သိရသည်။ ပြည်ပနိုင်ငံများသို့ တင်ပို့နေ သောကော်ဖီများကို ဈေးကွက်လိုအပ်ချက်အရ အရည်အသွေးကောင်းမွန်စေရန် ဂရုတစိုက် စိုက်ပျိုး ထုတ်လုပ်နေရသည်။ အရည်အသွေးကောင်းမွန် သောကော်ဖီများကို တင်ပို့နိုင်မှသာ ရေရှည်တွင် မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကော်ဖီဈေးကွက်၌ ပိုမို ထိုးဖောက်လာနိုင်မည်ဖြစ်ကြောင်း ပြည်ပသို့ ကော်ဖီတင်ပို့နေသောလုပ်ငန်းရှင်များက ပြောသည်။ မြန်မာနိုင်ငံတွင် ကော်ဖီပင်များကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ ဟိုပုံး၊ ပင်လောင်း စသည့် ဒေသများ အပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဒေသ အချို့တွင်လည်း စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၈ဝဝဝ ခန့်ထွက်ရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ် မှုတွင် ထိပ်ဆုံးမှဦးဆောင်နေသည်။ ကမ္ဘာပေါ်တွင် ကော်ဖီအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျ ကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယရှိ အချို့ဒေသ များ၊ သီဟိုဠ်ကျွန်း၊ ဆူမားတြား၊ ဂျာဗားနှင့် ပစိဖိတ် သမုဒ္ဒရာရှိကျွန်းများဖြစ်ကြပြီး နိုင်ငံပေါင်း ၈ဝ တွင် စိုက်ပျိုးကြသည်။ ၂၀၀၉ ခုနှစ်က မက်ထရစ်တန် ရှစ်သန်း ထုတ်လုပ်ခဲ့သဖြင့် ရေနံပြီးလျှင် ကမ္ဘာ့ ကုန်သွယ်ရေးတွင် ဒုတိယလိုက်နေသော ပို့ကုန်ဖြစ် သည်။
မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဧကနှစ်သိန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းခန့်မှန်းတွက်ချက်ထားသကဲ့သို့ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုး မှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၆ဝဝဝဝ အထိရှိလာမည်ဖြစ်သည်။ မြန်မာ့ ကော်ဖီကို အမေရိကန်၊ ဥရောပ၊ ဂျပန် ၊ တောင်ကိုရီး ယား၊ ထိုင်း၊ တရုတ်၊ တရုတ်(တိုင်ပေ)သို့ တင်ပို့ ရောင်းချလျက်ရှိရာ အမေရိကန်နိုင်ငံသို့ တင်ပို့သည့် မြန်မာကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇ဝဝဝ ခန့်ရရှိခဲ့သည်ဟု သိရသည်။
အပြောင်းအလဲ၏ အစ
မြန်မာ့ကော်ဖီလုပ်ငန်းတိုးတက်မှု အပြောင်း အလဲ၏အစသည် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)သည် မြန်မာနိုင်ငံ၏ ကော်ဖီလုပ်ငန်းနယ်ပယ်ဖွံ့ဖြိုးရေးအတွက် တောင်သူ များနှင့် ထုတ်လုပ်မှုလုပ်ငန်းများအတွက် ခေတ်မီ နည်းပညာနှင့် အကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သကဲ့သို့ ကော်ဖီထုတ်လုပ်ရောင်းချသူ များကိုလည်း နိုင်ငံတကာဈေးကွက်သို့ လက်လှမ်း မီစေနိုင်ရန် ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်းအထိပါ ဆောင်ရွက်ပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကော်ဖီပို့ကုန်ဆိုင်ရာ အချက်အလက်များအရ ၂၀၁၃ ခုနှစ်မတိုင်မီတွင် မြန်မာနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် တန်ချိန် ၆၀၀ ခန့်အောက်သာရှိပြီး ပို့ကုန်ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ တစ်သန်းအောက်သာ ရှိခဲ့သည်။ အဆိုပါနှစ်များတွင် မြန်မာ့ကော်ဖီထုတ်လုပ်မှုသည် မိရိုးဖလာထုတ်လုပ်မှုပုံစံဖြင့် ထုတ်လုပ်ခဲ့ကြပြီး ကော်ဖီ၏ အရည်အသွေးမှာလည်း နိမ့်ပါးခဲ့သည်။
ပြည်ပတင်ပို့မှု
၂၀၁၈ ခုနှစ်တွင် မြန်မာ့ကော်ဖီကို ပြည်ပသို့ တန်ချိန် ၁ဝဝဝ ကျော်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ခြောက်သန်းခန့်ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့၏ အချက်အလက်များအရ သိရ သည်။
မြန်မာ့ကော်ဖီကို နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး အမေရိကန်နှင့် ဂျပန်နိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိသည်။ ပြည်ပသို့ စုစုပေါင်း ကော်ဖီတင်ပို့မှုအနက် အထူးတန်းဝင် ကော်ဖီအမျိုး အစားတင်ပို့မှုသည် တန်ချိန် ၄ဝဝ ခန့် ပါဝင်ခဲ့ပြီး အထူးတန်းဝင် ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄ဝ၀ဝ မှ ၁ဝဝဝဝ အကြား ဈေးကောင်း ရလျက်ရှိသည်။ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ ကော်ဖီသည် နာမည်ကောင်းဖြင့် ကျော်ကြားလျက် ရှိသော်လည်း ပြည်တွင်းဈေးကွက်တွင်မူ အသင့် သောက်ကော်ဖီများသာ လွှမ်းမိုးလျက်ရှိသည်။ ပြည်ပပို့ကုန်အတွက် အာရေဗီးကားကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို အားစိုက်ဆောင်ရွက်သလို နိုင်ငံ အတွင်း ပြည်ပမှတင်သွင်းနေရသည့် အသင့်သောက် ကော်ဖီနေရာများတွင် အစားထိုးနိုင်ရန် ရိုဘက် စတာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကိုလည်း မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှု ဧက ၄၉ဝဝဝ ခန့်ရှိပြီး တစ်နှစ်လျှင် ကော်ဖီတန်ချိန် ၈ဝဝဝ ခန့် ထုတ်လုပ်နေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ကော်ဖီလုပ်ငန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု၏ ၉ဝ ရာခိုင်နှုန်းသည် အာရေဗီးကား ကော်ဖီအမျိုးအစား စိုက်ပျိုးထုတ်လုပ် မှုဖြစ်ပြီး ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးသည်။ ကျန် ၁၀ ရာခိုင်နှုန်း သည် ရိုဘက်စတာ ကော်ဖီအမျိုးအစား စိုက်ပျိုးမှု ဖြစ်ပြီး ကရင်ပြည်နယ်တွင် စိုက်ပျိုးလျက်ရှိသည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (US- AID) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်ငါးနှစ်အတွင်း မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ခေတ်မီနည်းပညာနှင့် သင်ကြားမှုများကို တောင်သူ ၈၀၀၀ ကျော်ထံ ကူညီပေးခဲ့ပြီး ထုတ်လုပ်မှုနှင့်ဈေးကွက် ချိတ်ဆက်မှုများကိုလည်း ထောက်ပံ့ဆောင်ရွက်ပေး နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ဈေးကွက်မြှင့်တင်ရန် ဆွေးနွေး
မြန်မာ့ကော်ဖီဈေးကွက်ကို အလေးထား အသိအမှတ်ပြုသည့် အနေဖြင့် အမေရိကန် နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီသည် မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့်အတူ ကော်ဖီစိုက်ပျိုးထုတ်လုပ် သည့် အဖွဲ့ ၁ဝ ဖွဲ့နှင့်ရန်ကုန်မြို့ရှိ ဟိုတယ်၊ စားသောက် ဆိုင်များမှ ကော်ဖီဝယ်ယူသူများနှင့် တွေ့ဆုံကာ မြန်မာ့ကော်ဖီဈေးကွက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြ သည်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ သည် မြန်မာနိုင်ငံကော်ဖီအသင်းကို ၂၀၁၃ ခုနှစ်က စတင်ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကော်ဖီ အသင်းသည် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် ရောင်းချသူများအတွက် ကော်ဖီအရည်အသွေး အကဲဖြတ်ပွဲများ ကျင်းပပေးခြင်း၊ ကော်ဖီအရည် အသွေးမြှင့်သင်တန်းများနှင့် အခြားနည်းပညာ ဆိုင်ရာသင်တန်းများဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်ပေးသည့်ပွဲများ ကျင်းပပေး ခြင်းတို့ ပြုလုပ်ခဲ့သည်။
ကော်ဖီသည် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် ရေနံရောင်းဝယ်မှုပြီးလျှင် ဒုတိယအဆင့် အရေးပါ ဆုံးသော တန်ဖိုးမြင့်သီးနှံကုန်စည်တစ်ခုဖြစ်သည်။ မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် သောက်သုံးနေကြသော ကော်ဖီခွက်ရေပေါင်း ၂ ဒသမ ၅ ဘီလီယံခန့်ရှိပြီး ကော်ဖီသောက်သုံးမှု အများဆုံးနိုင်ငံသည် နယ်သာလန်နိုင်ငံဖြစ်သည်။ ကော်ဖီသောက်သုံးမှု အများဆုံးနိုင်ငံများတွင် အဆင့် ၈ ရှိသော အမေရိကန်နိုင်ငံ၏ ကော်ဖီဈေးကွက် သည် တစ်နှစ်လျှင် ၁၈ ဘီလီယံခန့်အထိရှိသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိက စိုက်ပျိုးကြပြီး ယင်းလုပ်ငန်း၌ လူဦးရေသန်းပေါင်း ၁၂၀ ခန့် လုပ်ကိုင်နေကြသည်ဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း များပြားသကဲ့သို့ နိုင်ငံခြားဝင်ငွေကိုလည်း တစ်ဖက် တစ်လမ်းက ရှာဖွေပေးနိုင်သည့် လုပ်ငန်းဖြစ် သည်။
မြန်မာ့ကော်ဖီကို အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ အိုက်စလန်နှင့်ဩစတြေး လျ၊ ပြင်သစ်နိုင်ငံတို့က ဝယ်ယူမှုများရှိနေသည်။ အစိုးရကလည်း ကော်ဖီစိုက်ပျိုးမှုကို ၂၀၁၈-၂ဝ၃ဝ ပြည့်နှစ်ကာလအတွင်း စိုက်ဧက ၂ဝဝဝဝဝ ပြည့်မီ ရန်နှင့် ၂ဝ၃ဝပြည့်နှစ်တွင် ဘေးအန္တရာယ်ကင်းရှင်း ပြီး သောက်သုံးမှု အရည်အသွေးကောင်းသည့် ကော်ဖီ စုစုပေါင်းတန်ချိန် ၆ဝဝဝဝ ခန့် ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း စိန်ခေါ်မှုများစွာ ရှိနေ သေးသည်။
ကော်ဖီတစ်ခေတ်
ဆန်းသစ်လာတော့မည်
ပြင်ဦးလွင်ဒေသနှင့်ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေဗီးကားကော်ဖီသည် ကမ္ဘာ့အဆင့်မီ (Special Coffee) အဆင့်တွင် ရရှိခဲ့ပြီး ယခုအခါ ကော်ဖီဈေးနှုန်းသည်လည်း သင့်တင့်သည့်ဈေးနှုန်း များရရှိလာသည်။ ပြည်တွင်း၌လည်း ကော်ဖီဆိုင် များ၊ ကော်ဖီစစ်သောက်သုံးသူများ တဖြည်းဖြည်း များပြားလာသည်ဖြစ်ရာ ကော်စီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်နိုင်သည်နှင့်အမျှ နိုင်ငံ ခြားဝင်ငွေပိုမိုရရှိလာပြီး ကော်ဖီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များကိုလည် အကျိုးစီးပွားဖြစ်ထွန်း စေမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ကော်ဖီ သည် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်လာနိုင် ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံကော်ဖီအသင်းနှင့် လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများ ၊ စိုက်ပျိုး ရေးဦးစီးဌာနမှ ပညာရှင်များ၊ ပြည်ပပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာ ကော်ဖီမှ နိုင်ငံခြားဝင်ငွေ ရရှိရေး အလားအလာကောင်းများ ပေါ်ထွန်းလာနေ ပြီဖြစ်၍ ကော်ဖီတစ်ခေတ် ဆန်းသစ်လာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments