ကိုဗစ်ဘောဂဗေဒ( Covidnomics)

Type

ဆောင်းပါး

======

 

ကိုဗစ်ဘောဂဗေဒ( Covidnomics)

======================

 

ခင်မောင်ညို (ဘောဂဗေဒ)

 

ပညာရှင်တွေဟာ လေ့လာစိစစ်ရာမှာ အကန့်အသတ် တွေကရှိနေတော့ သုတေသနတွေ ပြုလုပ်တဲ့အခါ လွယ်ကူချောမွေ့အောင်လို့ ပညာရပ်တွေကြားမှာ နယ်စည်းအတုလေး‌တွေ ဖန်တီးထားတတ်ကြတယ်။ ဒါပေမဲ့ ဘောဂဗေဒပညာရှင် Albert Hirshman ပြောသလိုပဲ။ တစ်ခါတလေကျရင် နယ်စည်းတွေကို ဖြတ်ကျော်ဖို့ လိုလာတဲ့အခါတွေ ရှိတယ်။ ကိုဗစ်-၁၉ နဲ့ စီးပွားရေးကျဆင်းမှုကို ဆက်လက်တွန်းလှန်တိုက်ခိုက် နေရတဲ့ အခုလိုအချိန်မျိုးဟာ ပညာရပ်တွေရဲ့ နယ်နိမိတ် တွေကို ကျော်ဖြတ်ရမယ့်ကာလပါ။

 

ကပ်ရောဂါကို ကိုင်တွယ်ပုံ

 

ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာ့စီးပွားရေးအပေါ် အရိပ် မည်းကြီးထိုးခဲ့ပါပြီ။ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်မှာ ပီရူးနဲ့ အိန္ဒိယတို့ဟာ အခြေအနေအဆိုးဆုံးနိုင်ငံနှစ်ခု ဖြစ်ခဲ့တယ်။ မနှစ်ကနဲ့ယှဉ်ရင် ပီရူးမှာ ဂျီဒီပီ ၃၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အိန္ဒိယမှာ ၂၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။ အခုလို စံချိန်တင် ကျဆင်းခဲ့ရတာဟာ ကပ်ရောဂါကြောင့်ဖြစ်သလို ကပ်ရောဂါကို ကိုင်တွယ်ပုံ အပေါ်လည်း မူတည်ပါတယ်။

 

ဥပမာအနေနဲ့ ပီရူးကို ကြည့်မယ်ဆိုရင် လူတစ်သန်း မှာ သေဆုံးသူ ၉၃၉ ဦး ရှိပါတယ်။ ဂျီဒီပီ ကျဆင်းတာနဲ့ လူသေတဲ့နှုန်းဆက်နွှယ်မှုရှိတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ ၆၄၇ ဦး သေဆုံးနှုန်းရှိတဲ့ စပိန်၊ ၆၁၃ ဦး နှုန်းရှိတဲ့ ယူကေတို့လို ဥရောပနိုင်ငံ အတော်များများမှာ လည်း စီးပွားရေး နက်နက်ရှိုင်းရှိုင်း ထိုးကျတာကို တွေ့ရ ပါတယ်။ ဒါပေမဲ့ အိန္ဒိယသေဆုံးနှုန်းက ၆၀ ပဲရှိတယ်။ ဒါတောင် အာရှနဲ့ အာဖရိကမှာ အမြင့်ဆုံးဖြစ်နေတယ်။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက် ဒုတိယသုံးလပတ်မှာ စီးပွားရေးအကျဆင်းဆုံးနိုင်ငံ ဖြစ်နေတယ်။ ဒါကို ရှင်းပြဖို့ ခက်တယ်။ ဒါတောင် လွန်ခဲ့တဲ့ငါးနှစ်လောက်အထိ အိန္ဒိယက ကမ္ဘာပေါ်မှာ တိုးတက်မှု အမြန်ဆုံးနိုင်ငံ သုံး၊ လေးနိုင်ငံထဲမှာ ပါနေခဲ့သေးတာ။ ဒါကိုနားလည်ဖို့ ဆေးဝါးနဲ့ လူတွေရဲ့ အပြုအမူဆက်စပ်ပုံကို နားလည် သဘောပေါက်ဖို့ လိုတယ်။

သမားရိုးကျအမြင်အရဆို ကိုဗစ်ဟာ လေဟာပြင် ထက် အလုံပိတ်အခန်းတွေထဲမှာ ပိုပြီးကူးလွယ်တယ်။ ဒါကြောင့် ပန်းခြံထဲက လူတစ်‌ယောက်နဲ့ နီးနီးကပ်ကပ် ထိုင်နေတာဟာ စားသောက်ဆိုင်မှာ ထိုင်နေတာထက် ပိုပြီးအန္တရာယ်ကင်းတယ်ပေါ့။

 

ကူးစက်နိုင်ခြေ ပိုများ

 

ဒီအမြင်ဟာ ဆေးပညာနဲ့ရူပဗေဒက လာတယ်လို့ ယူဆသဘောပေါက်ထားကြတယ်။ ကိုဗစ် - ၁၉ ဟာ ကူးလွယ်ပေမယ့် ပန်းခြံထဲမှာ လေတိုက်တော့ ရောဂါ ဖြစ်စေမယ့်အမှုန်တွေဟာ နှာခေါင်းထဲမဝင်ဘဲ ပန်းခြံထဲ ပျံ့သွားမယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းက အဲဒီလို မဟုတ်ဘူး။ အမှုန်‌တွေကလေးတော့ လေငြိမ်ထဲမှာ အောက်ကို မြန်မြန်ကျသွားနိုင်တယ်။ လေဟာပြင်မှာ အသက်ရှူသွင်း၊ ရှူထုတ်လုပ်လိုက်တဲ့အခါ အမှုန်တွေက လေသယ်‌ဆောင်ရာထဲ ပါနေ၊ လေထဲမှာ အကြာကြီးရှိနေပြီး အခန်းထဲမှာထက် ကူးစက်နိုင်ခြေ ပိုများတယ်။

 

အလုံပိတ်အခန်းတွေမှာ ပိုအန္တရာယ်များတယ်လို့ ဆိုတာ မှန်ပုံရတာက ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို နားလည်ထားလို့၊ အမှုန်အမွှားတွေရဲ့ လေကြောင်းသိပ္ပံ သဘောတွေကို နားလည်ထားလို့ဆိုတာထက် လူတွေရဲ့ အလေ့အထ၊ အပြုအမူတွေကြောင့် ဖြစ်နိုင်ပါသေးတယ်။ ဆိုကြပါစို့ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်၊ ပန်းခြံထဲမှာ ဖြစ်ဖြစ် ရောဂါပိုးသယ်ဆောင်နေတဲ့ လူတစ်ယောက်ဆီ ကနေ ကူးစက်နိုင်ဖို့ ဖြစ်တန်စွမ်းဟာ ၅၀ ရာခိုင်နှုန်း ရှိတယ် ဆိုပါစို့။ လူတစ်ဝက်ကို ကူးတယ်ပဲထားရင် ပန်းခြံထဲမှာပဲ နေနေ၊ စားသောက်ဆိုင်ပဲသွားသွား ကိုဗစ်ကူးဖို့ ဖြစ်တန် စွမ်းဟာ ၂၅ ရာခိုင်နှုန်း ရှိတယ်။

 

စိတ်ချယုံကြည်ရတဲ့ တာဝန်ရှိသူတစ်ယောက်က ကိုဗစ်ဟာ ပန်းခြံမှာထက် စားသောက်ဆိုင်တွေမှာ ပိုပြီး ကူးစက်နိုင်တဲ့အန္တရာယ်ရှိတယ်လို့ ကြေညာတယ် ဆိုပါစို့။ သူ့စကားကို လူတွေကလည်း ယုံကြည်လက်ခံကြတယ် ဆိုရင် သူပြောတဲ့အတိုင်း ဖြစ်သွား‌နိုင်တာပါပဲ။ ကူးစက် နိုင်စွမ်း ၂၅ ရာခိုင်နှုန်းထက် များတယ်လို့ ထင်ရတဲ့နေရာ တွေကို မသွားရဲတဲ့သူတွေ၊ မစွန့်စားရဲတဲ့သူတွေက စားသောက်ဆိုင် မသွားကြတော့ဘူး။ သိပ်မကြောက် တတ်တဲ့လူတွေပဲ စားသောက်ဆိုင်တွေကို သွားကြတော့ မယ်။

 

စားသောက်ဆိုင်ကိုသွားတဲ့လူတွေက ပိုပြီး ကူးစက် နိုင်လို့ အန္တရာယ်ပိုများတယ် ဆိုနိုင်ပါတယ်။ ကူးစက်မှာ မကြောက်တဲ့သူ ၇၅ ရာခိုင်နှုန်းကို ကူးစက်ပြီး ကူးစက်မှာ ကြောက်တဲ့သူ ၂၅ ရာခိုင်နှုန်းကိုပဲ ကူးစက်တယ်လို့ လွယ်လွယ်ဆိုကြပါစို့။ ပိုးရှိတဲ့သူကနေ တခြားသူတွေကို ကူးစက်နိုင်စွမ်းက အရင်လို ၅၀ ရာခိုင်နှုန်းမှာပဲ ရှိသေး တယ်။ လူတွေက စားသောက်ဆိုင်တွေဟာ အန္တရာယ် များတယ်လို့ထင်ပြီး သိပ်မကြောက်တဲ့သူတွေသာ သွားကြရင် စားသောက်ဆိုင်ကနေ ဗိုင်းရပ်စ်ကူးနိုင်စွမ်းက ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ပန်းခြံမှာက ၂၅ ရာခိုင်နှုန်း အောက်ရှိနေတယ်။ ဒီဖြစ်တန်စွမ်းတွေကို ကူးစက်ရောဂါ စာရင်း‌တွေထဲ ထည့်ကြမယ်။ လူအတော်များများကတော့ အခုလိုဖြစ်တာဟာ လူတွေရဲ့ လုပ်ပုံကိုင်ပုံကြောင့် ဆိုတာထက် ရောဂါပိုးကြောင့်လို့ပဲ ထင်မယ်။

 

မူဝါဒတွေ ချလို့

 

အခုလိုပဲ တာဝန်ရှိသူတွေက စားသောက်ဆိုင်တွေဟာ ပန်းခြံတွေထက်ပိုပြီး စိတ်ချရတယ်လို့ ကြေညာရင် ပန်းခြံတွေမှာ ပိုပြီးအန္တရာယ်ကြီးလာမှာပဲ။ ကူးစက်ရောဂါ ဆေးပညာနဲ့ အမှုန်အမွှား တွေရဲ့ ရူပဗေဒသဘောတွေကြောင့် ပန်းခြံတွေက ပိုပြီးအန္တရာယ်ကင်းပါတယ်ဆိုရင်တောင်မှ လူများက လက်မခံဘဲ ပန်းခြံတွေမှာ စားသောက်ဆိုင်ထက် ပိုပြီး အန္တရာယ်ကြီးတယ်လို့ ထင်နေကြရင် ပန်းခြံထဲမှာ ပိုပြီး အန္တရာယ်တွေ့နိုင်တယ်။ ဒီအဆက်အစပ်ကို နားလည် တဲ့အခါ စီးပွားရေးကို မထိခိုက်စေဘဲ ရောဂါပိုးကို ထိန်းချုပ် နိုင်တဲ့ မူဝါဒတွေ ချလို့ရတယ်။ အိန္ဒိယက လော့ဒ်ဒေါင်း ချပစ်လိုက်တဲ့အမှားကို ကျူးလွန်မိတယ်။ မြို့ကြီးပြကြီး ‌တွေမှာ နေ့ချင်းညချင်း အလုပ်တွေမရှိ၊ လုပ်ခတွေမရကြ တော့ ကုဋေချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံအနှံ့ အပြားက ကိုယ့်နယ် ကိုယ့်အိမ် မပြန်ပြန်အောင် (တချို့ တွေဆို လမ်းလျှောက်ပြန်ကြရ) တွန်းအားပေးလိုက် သလိုပဲ။

 

စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲသင့်

 

ရှေ့မှာ ဆေးဝါးနဲ့ ဘောဂဗေဒဆက်စပ်ပုံကို ထောက်ပြခဲ့ပါတယ်။ ဂျော်ဂျီယာနည်းပညာတက္ကသိုလ် က ပါမောက္ခတစ်ယောက် ထောက်ပြသလို စိတ်ဝင်စား စရာ အကြံကောင်း ဉာဏ်ကောင်းတွေတော့ စထွက်လာ နေပါပြီ။ အိန္ဒိယနဲ့ ပီရူးတို့လို နိုင်ငံမျိုးတွေဟာ ဗိုင်းရပ်စ် ကိုလည်း ထိန်းချုပ်၊ စီးပွားရေးလည်း တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ် လည်ပတ်နိုင်စေမယ့် လုပ်ကိုင်ပုံတွေ ဖြစ်လာ အောင် စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲသင့်ပါတယ်။

 

ဒီလိုပါ။ လူတွေ ပိုပြီးစစ်တော့ ဘယ်သူ့မှာ ကိုဗစ် ဖြစ်ပြီးပြီ၊ ဘယ်သူ့မှာ ပဋိပစ္စည်းတွေရှိတယ်ဆိုတာ ပိုသိနိုင်တဲ့အခါ အဲဒီလူတွေကို လစာကောင်းကောင်း‌ ပိုပေးပြီး ကိုဗစ်အန္တရာယ်များတဲ့ ဆေးရုံတွေ၊ လူအချင်းချင်း မျက်နှာချင်းဆိုင် အလုပ်လုပ်ရတဲ့ စီးပွားရေးကဏ္ဍတွေမှာ တာဝန်ပေးနိုင်တယ်။ ထိလွယ် ကူးလွယ်တဲ့ လူတွေကြားထဲမှာ သူတို့ကိုကွင်းဆက်အနေ နဲ့သုံးရင် ဗိုင်းရပ်စ်ကူးစက်တဲ့ ကွင်းဆက်လည်းပြတ်၊ အရောင်းကွင်းဆက်လည်းမပျက်။

 

ဈေးကွက်က လည်ပတ်မှာ မဟုတ်

 

သာမန်အခြေအနေမျိုးဆိုရင် ဈေးကွက်က သူ့အလိုအလျောက် ဆက်လုပ်သွားမှာပါ။ ပဋိပစ္စည်း ရှိတဲ့သူတွေရဲ့ ဝယ်လိုအားတက်လာမယ်။ သူတို့ရဲ့ လုပ်ခလည်း လိုက်တက်လာမယ်။ ဒါပေမဲ့ ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ဆိုရင် အကောင်းရော၊ အဆိုးရော၊ ပြင်ပ အကျိုးသက်ရောက်မှုတွေရောရှိနေတော့ ဈေးကွက်က လည်ပတ်မှာ မဟုတ်ဘူး။

 

ဒါကြောင့် အစိုးရတွေအနေနဲ့ စီးပွားရေးလည်း မရပ်၊ ရောဂါပိုးကိုလည်း ထိန်းနိုင်မယ့် ပညာသားပါပြီး သေချာပြင်ဆင်ထားတဲ့ မူဝါဒတွေချမှတ်ကာ ဝင်ရောက် ဆောင်ရွက်ဖို့လိုကြောင်းကို ကမ္ဘာ့ဘဏ်ရဲ့ ပင်မ ဘောဂဗေဒပညာရှင်ဟောင်း၊ အိန္ဒိယအစိုးရရဲ့ ဘောဂဗေဒအကြံပေးချုပ်၊ ကောနဲလ်တက္ကသိုလ် ပါမောက္ခဖြစ်သူ Kaushik Vasu က အကြံပြုထားပါ တယ်။ ။

 

ရည်ညွှန်း - ဂျပန်တိုင်းမ်