
နေပြည်တော် ဧပြီ ၂၆
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် က မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုစတုတ္ထ ငါးနှစ် စီမံကိန်း ၂၀၂၂-၂၀၂၆ ကာလဖြစ်ပါကြောင်း၊ ယခင် ငါးနှစ်စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ကာ မဟာဗျူဟာသုံးရပ်၊ နည်းဗျူဟာ လေးရပ်ချမှတ်၍ လုပ်ငန်းကဏ္ဍလေးရပ်အောက်၌ လုပ်ငန်းစဉ်(၈၄)ရပ် ထည့်သွင်းရေးဆွဲ အတည်ပြုခဲ့ပါကြောင်း၊ စတုတ္ထငါးနှစ် စီမံကိန်း၏ ပထမနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းစီမံချက် ရေးဆွဲခဲ့ပြီးဖြစ် ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အသိပညာပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထု ပူးပေါင်းပါဝင် သတင်းပေးမှုသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ် ကြောင်း၊ ပြည်သူလူထုမှ အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်စေရေးထိတွေ့ဆက်ဆံရ သည့် ဌာနဆိုင်ရာများအနေဖြင့် စည်းရုံးဆောင် ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး၍ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်