ဂြိုဟ်တုနည်းပညာ အသုံးပြုငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ (ရန်ကုန်) ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်

 

နေပြည်တော်    ဧပြီ     ၂၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန် ရှိသူများနှင့်အတူ   ယမန်နေ့နံနက်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး     ပုဂ္ဂလိကရေထွက်ကုန်လုပ်ငန်းများ ဖြစ်သည့် ရတနာသိင်္ဂီအအေးခန်းစက်ရုံ၊ Golden Boy Limited ၊ ကြို့ကုန်း ငါး ပုစွန် အအေးခန်း၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလိမီတက်တို့၏   ပြည်ပပို့ကုန် ငါး ပုစွန် အေးခဲလုပ်ငန်းများနှင့် ရေထွက်ပစ္စည်း ကုန်ချောထုတ်လုပ်မှု လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့‌နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီး ဌာန၏ ဂြိုဟ်တုနည်းပညာ အသုံးပြု ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ    (ရန်ကုန်)   သို့ ရောက်ရှိပြီး    ကမ်းနီးကမ်းဝေး    ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။ 

 


ကြပ်မတ်ဆောင်ရွက်လျက်ရှိ


ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ  အနေဖြင့် ငါးဖမ်းရေယာဉ်များ သတ်မှတ်ငါးဖမ်းကွက် ကျော်လွန်ခြင်း၊   ကမ်းနီးရေပြင်  ၁၀  မိုင်အတွင်း ဝင်ရောက်ခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက် ခြင်း၊  Silent  Vessel  များအတွက်  စစ်ဆေးခြင်း၊  ဆိပ်ကမ်းတွင် ရပ်နားထားစဉ် Silent ဖြစ်ပေါ်လာ ပါက ၄ နာရီအတွင်း  တည်နေရာအချက်အလက် ပေးပို့စေရေး   ဆောင်ရွက်ခြင်း၊    ၄   နာရီထက် ကျော်လွန်၍ တည်နေရာ သတင်းပေးပို့ခြင်းမရှိပါက ၁၂ နာရီအတွင်း တည်နေရာ အချိက်အဆက်သတင်း ပေးပို့ ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်တွင် လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း Silent ဖြစ်ပေါ်လာပါက ၄ နာရီအတွင်း တည်နေရာ သတင်းအချက်အလက် ပေးပို့ရေး ဆောင်ရွက်ခြင်း၊ ၄ နာရီထက်ကျော်လွန်၍  Silent ဖြစ်ပေါ်နေပါက VMS Control Center နှင့်  သက်ဆိုင်ရာတိုင်းဒေသကြီး   ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံ  အကြောင်းကြားချိန်မှစ၍  ၄၈ နာရီ အတွင်း နီးစပ်ရာ စစ်ဆေးရေးစခန်း  (သို့မဟုတ်) သတ်မှတ်ပေးထားသည့် နေရာသို့ ဝင်ရောက်စစ်ဆေး မှု ခံယူစေခြင်း၊ ပြုပြင်စေခြင်းတို့ကို ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 


ဆွေးနွေးမှာကြား


ညနေပိုင်းတွင်    ဒုတိယဝန်ကြီးသည်    အင်းစိန် မြို့နယ်ရှိ   စိုက်ပျိုးရေးဦးစီးဌာန၊  မြေအသုံးချရေး  ဓာတ်ခွဲခန်းသို့ရောက်ရှိကြပြီး မြေဆီလွှာဓာတ်ခွဲခြင်း၊  စိုက်ပျိုးရေ ဓာတ်ခွဲခြင်း၊ အပင်အစိတ်အပိုင်း ဓာတ်ခွဲ ခြင်း၊   ဓာတ်မြေသြဇာ၊  သဘာဝမြေသြဇာနှင့်   ဇီဝ မြေသြဇာ ဓာတ်ခွဲဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဒေသအလိုက် မြေသယံဇာတ အရင်း အမြစ်၊ ရာသီဥတုတို့နှင့် လိုက်လျောညီထွေသည့်  သီးနှံပုံစံများ  ထုတ်ပြန်ပေးရန်လိုအပ်ချက်များ၊ သီးနှံ အလိုက် မြေဆီအာဟာရ လိုအပ်ချက်များ တောင်သူ့ လက်ဝယ်အရောက်   အသိပညာပေးရေးနှင့်   ရေတို ရေရှည်    အကျိုးရှိစေမည့်       မြေဆီလွှာဖွံ့ဖြိုးရေး နည်းပညာများ ဖြန့်ဝေပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား  ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။          
သတင်းစဉ်