
နေပြည်တော် ဧပြီ ၂၃
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများအား သိုလှောင်ရုံများအတွင်း စနစ် တကျထားရှိမှုနှင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးနေမှုများကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သာကေတမြို့နယ် (၁၀) တောင် ရပ်ကွက်ရှိ အမှတ်(၆)အခြေခံ ပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ (၁၀) မြောက် ရပ်ကွက်ရှိ သာသနာ့သောပိတ ဓမ္မာရုံ၌ လည်းကောင်း၊ (၄)မြောက် ရပ်ကွက်ရှိ သပ္ပမင်္ဂလာဓမ္မာရုံ၌ လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ ဓမ္မာရုံ၌လည်းကောင်း အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများကို အဆိုပါမြို့နယ်များရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံ သို့ လှူဒါန်းသော ဆန်နှင့်ဂျုံများ ကို မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများမှ ကွန်တိန်နာများဖြင့် သယ်ယူ၍ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် (၆)သိုလှောင်ရုံ၌ စနစ်တကျ ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်