
နေပြည်တော် ဧပြီ ၂၂
(၅၇)ကြိမ်မြောက် မြန်မာ့ ကျောက် မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကား လျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြ သည်။
ထို့နောက် ရတနာကုန်သည် များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ဈေးနှုန်းတင်သွင်းလွှာ များကို သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
ကျောက်မျက်ရတနာပြပွဲတွင် အလေးချိန် ၇၇၅၃၈ ဒသမ ၁၅ မိုမီ ရှိ နိုင်ငံပိုင်ပုလဲအတွဲပေါင်း ၃၃၀၊ အလေးချိန် ၁၂၆၀၂ ဒသမ ၇၃၈၉ ကရက်၊ ၃၃၅ ဒသမ ၄၆ ဂရမ်ရှိ နိုင်ငံပိုင်ကျောက်မျက်အတွဲ ၆၂ တွဲ၊ အလေးချိန် ၉၉၁၀၅ ဒသမ ၀၀ ကရက်၊ ၆၁ ဒသမ ၂၆ ကီလိုရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက် သော ကုမ္ပဏီများမှ ကျောက်မျက် အတွဲ ၂၀ နှင့် အလေးချိန် ၂၉၇၈ ဒသမ ၅၁ ကရက်၊ ၄၇ ဒသမ ၈၃ ကီလို၊ ၄၃၉ ဒသမ ၆၃ ဂရမ်ရှိ ပုဂ္ဂလိကကုမ္ပဏီများမှ ကျောက်မျက် အတွဲ ၃၈တွဲ စုစုပေါင်း အလေးချိန် ၁၁၄၆၈၆ ဒသမ ၂၄၈၉ ကရက် ရှိ ကျောက်မျက်အတွဲပေါင်း ၁၂၀၊ အလေးချိန် ၅၈ ဒသမ ၅၉၇ တန်ရှိ နိုင်ငံပိုင် ကျောက်စိမ်းအတွဲ ၁၅၀၊ အလေးချိန် ၅၂၉ ဒသမ ၀၁၃ တန်ရှိ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက် သော ကုမ္ပဏီများမှ ကျောက်စိမ်း အတွဲ ၈၀၀၊ အလေးချိန် ၁၁၉၀ ဒသမ ၉၃၅ တန်ရှိ ပုဂ္ဂလိကကုမ္ပဏီ များမှ ကျောက်စိမ်းအတွဲ ၁၀၅၀ စုစုပေါင်း အလေးချိန် ၁၇၇၈ ဒသမ ၅၄၅ တန်ရှိ ကျောက်စိမ်းအတွဲပေါင်း ၂၀၀၀ တို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည် ဖြစ်သည်။
ပုလဲအတွဲများကို ဧပြီ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်လည်းကောင်း၊ ကျောက် မျက် အတွဲများကို ဧပြီ ၂၂ ရက် မှ ၂၄ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်လည်းကောင်း၊ ကျောက် စိမ်း အတွဲများကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။
ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်း ဈေး သတ်မှတ်ထားရှိပြီး ငွေပေးချေ ရာတွင် ပြည်ပရတနာကုန်သည် များက အမေရိကန်ဒေါ်လာ၊ ယွမ် ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေနိုင်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲ များကို ယူရိုငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိကာ ရတနာ ကုန်သည်များသည် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေနိုင်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များ ကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများ ဖြင့် စည်ကားလျက်ရှိသည်။
နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများ အတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှု များ ရရှိနိုင်စေရန်အတွက် တူးဖော် ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ များကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ကျင်းပခဲ့ရာ ယခု ကျင်းပပြုလုပ်သည့် (၅၇) ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးဆက်သစ်
ဓာတ်ပုံ-ကိုကိုကျော်