
နေပြည်တော် ဧပြီ ၂၁
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်က အတည်ပြုထုတ်ပြန် ခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၃ အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်းနှင့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များကို လူဦးရေသန်းခေါင်စာရင်းများမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် သန်းခေါင်စာရင်းသည် လူဦးရေသာမက ပညာရေး၊ အလုပ်အကိုင်၊ မွေးနှုန်း၊ သေနှုန်း၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ပြောင်းရွှေ့သွားလာမှု၊ အိမ်အကြောင်းအရာ စသည့်လူမှုစီးပွားရေး ဆိုင်ရာ အချက်အလက်များကိုပါ ကောက်ယူလာကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံး ကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ (၅၁) လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိ ပါကြောင်း။
ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် လျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပထမအဆင့်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်း စဉ် အဆင့်(၈)ဆင့်ရှိသည့်အနက် အဆင့်(၅)ဆင့်ဖြစ်သည့် အခြေခံဒေသ စာရင်းများ ပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်းအသေးစိတ်စီမံချက် (Project Document) ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ GIS နည်းပညာ အသုံးပြု၍ မြေပုံ ရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ ပြုစုခြင်းတို့ကို လုပ်ငန်းအချိန်ဇယား ရေးဆွဲကာ ပထမဦးစွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းအဆင့်(၅)ဆင့်တွင် ပါဝင်သည့် သန်းခေါင်စာရင်း ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းလုပ်ငန်းကို ဆောင်ရွက် နိုင်ရေးအတွက် လျာထားမှုကို ညှိနှိုင်းဆွေးနွေးပြီး အကြံဉာဏ်ရယူနိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးစိုက်ထုတ်ရသည့်အပြင် ဆောင်ရွက်မှု အဆင့်တိုင်းတွင် အစိုးရဌာနပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။
ယခုလက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ခြေလှမ်းစတင်လှမ်း လိုက်ခြင်းဖြစ်ပြီး လုပ်နိုင်သမျှသောလုပ်ငန်းများကို ပြီးစီးနိုင်သမျှ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မှန်ကန်သော ဦးဆောင် လမ်းညွှန်မှု၊ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနိုင်ရေး အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများမကျန်ရှိစေရေး အတွက် အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ဗဟို သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီတို့၏ ဖွဲ့စည်းထားရှိမှု (မူကြမ်း) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကော်မရှင်နှင့် ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ ထည့်သွင်းဖွဲ့စည်းရမည့်အခြေအနေ များ၊ လုပ်ငန်းတာဝန်များတွင် ပြင်ဆင်ဖြည့်စွက် သင့်သည့်အချက်များ၊ ဌာနများ၏ လိုအပ်ချက်အရ မေးခွန်းပုံစံတွင် ဖြည့်စွက်ရန်လိုအပ်ချက်များ ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက လုပ်ငန်း ဆိုင်ရာ ဆောင်ရွက်မှုများတွင် ဌာနအလိုက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို အကြံပြုသုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ကော်မတီ အတည်ပြုဖွဲ့စည်းနိုင်ရေးနှင့် လက်ရှိအခြေ အနေနှင့်ကိုက်ညီသည့် လုပ်ငန်းစီမံချက်ဖြစ်စေရေးအတွက် စီမံ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်