ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၂၁


ပြည်ပနိုင်ငံများမှ    ဝင်ရောက်လာသည့်   မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင်   လက်ခံဆောင်ရွက်ပေးလျက်ရှိရာ   ဧပြီ ၂၀ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ  အမျိုးသား ကိုးဦး၊  အမျိုးသမီး ခုနစ်ဦး   စုစုပေါင်း  ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၄၃ ဦးတို့ကို လက်ခံခဲ့ကြသည်။

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက် အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို   ရှင်းလင်းပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန  ဆိုင်ရာ  တာဝန်ရှိသူများက  လိုအပ်သည်များ  ကူညီဆောင်ရွက်ပေး ကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီး သို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။          

သတင်းစဉ်