
နေပြည်တော် ဧပြီ ၂၁
နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များဖြင့် ရေးထိုး ထွင်းထုပူဇော်မည့် ပိဋကတ်သုံးပုံပါဠိတော်ကို မြန်မာ အက္ခရာ/Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေး အတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် Aureum Place Hotel, Lake View Hall အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိစစ် တည်းဖြတ်ရေး ကော်မတီ နာယကများဖြစ်ကြသည့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ စိစစ်တည်းဖြတ်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ဇောတိက၊ စိစစ်တည်းဖြတ်ရေးကော်မတီ အတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးစိုးမင်းထွန်း၊ မြန်မာစီးပွားရေး ကော်ပို ရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ စစ်ထောက်ချုပ်ရုံးမှ ဗိုလ်မှူးကြီး စိုးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည့်ပြည့်စုံစုံ ရိုက်နှိပ်ဖြန့်ဝေ
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာသော စိစစ်တည်းဖြတ်ရေးကော်မတီ နာယက နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရက စိစစ်ပြီးသော ပါဠိတော်များကို ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ဝေသည့်အခါ ဆဋ္ဌသံဂါယနာ စာတော်မူ အစီအစဉ်အတိုင်း ပြည့်ပြည့်စုံစုံ ရိုက်နှိပ်ဖြန့်ဝေ ပေးရန် လေးလေးနက်နက် တိုက်တွန်းပါကြောင်း ဩဝါဒမိန့်ကြားသည်။
တက္ကသိုလ် လေးခု လေးဖွဲ့ခွဲပြီး စိစစ်
ဆက်လက်၍ စိစစ်တည်းဖြတ်ရေးနာယက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရ က စာမူတည်းဖြတ်သော လုပ်ငန်းကြီးသည် ပါဠိတော် အုပ်ရေ ၄၀ ကို တက္ကသိုလ် လေးခု လေးဖွဲ့ ခွဲပြီး စိစစ်ခြင်းလုပ်ငန်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ဩဝါဒမိန့်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်ရေးလုပ်ငန်းကိစ္စရပ် များကို ဆရာဒကာ လက်တွဲညီစွာဖြင့် ဆောင်ရွက် ခဲ့သောကြောင့် ပါဠိတော် အုပ်ရေ ၄၀ မှ ၃၇ အုပ် စိစစ်ပြီး သုံးအုပ်သာ စိစစ်ရန် ကျန်ရှိသော်လည်း အဆိုပါ သုံးအုပ်အား ဧပြီလအတွင်း အပ်နှံမည်ဖြစ် ကြောင်း လျှောက်ထားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အစည်း အဝေးကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်