
ကိုလံဘို ဧပြီ ၂၀
ရမ်ဘွတ်ခါနာမြို့တွင် ရဲများနှင့် ဆန္ဒဖော်ထုတ်သူများကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည့်အပေါ် ဘက်လိုက်ခြင်းမရှိဘဲ ထင်သာမြင်သာဖြစ်စေမည့် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာ ပက်ဆာက ဧပြီ ၂၀ ရက်က အခိုင်အမာ ပြောကြားလိုက်သည်။ အဆိုပါ အဓိကရုဏ်းတွင် လူတစ်ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထုတ်ပြန်ချက်တွင် ရာဂျာပက်ဆာက သီရိလင်္ကာနိုင်ငံသား များ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဟန့်တားနှောင့်ယှက် မှုမရှိစေရဟု ပြောကြားလိုက်ပြီး ဘက်လိုက်မှုမရှိသည့် ထင်သာမြင်သာဖြစ်စေမည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်မှုကြောင့် နက်နက်နဲနဲ စိတ်မကောင်းဖြစ်မိ ကြောင်းနှင့် ဆန္ဒဖော်ထုတ်ရာ၌ အကြမ်းဖက်မှုမှ ရှောင်ရှားရန် နိုင်ငံသားများကို သမ္မတက တိုက်တွန်းထားသည်။
ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာက ဝမ်းနည်းဖွယ် ဖြစ်ရပ်ဖြစ်ပြီးနောက် အလွန်အမင်း စိတ်သောကဖြစ်မိ ကြောင်း၊ တင်းကျပ်ပြီး ဘက်မလိုက်သည့် ထင်သာမြင်သာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။
ရမ်ဘွတ်ခါနာမြို့ အဓိကရုဏ်းဖြစ်စဉ်တွင် အခြေအနေ တင်းမာလာပြီးနောက် ရဲများက သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ နီဟယ် သဲဒူဝါက သတင်းထောက်များကို ပြောကြားလိုက်သည်။ ရမ်ဘွတ်ခါနာမြို့သည် မြို့တော်ကိုလံဘိုနှင့် ၉၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ အခင်းဖြစ်ပွားပြီးနောက် အဆိုပါ နေရာတွင် ညမထွက်ရ အမိန့်ချမှတ်ထားသည်။
ဆင်ဟွာ