
ဘူးသီးတောင်
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မေယုရတနာ ခန်းမ၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်က ဆရာ ဆရာမတို့အနေဖြင့် သင်ကြား၊ သင်ယူမှုတို့နှင့်ပတ်သက်၍ သင်ရိုးသစ် (Grade-5) သင်တန်းကို ပညာရေးသုတေသနစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့် သင်ကြားပို့ချမှု တို့ကို အလေးထားသင်ယူ လေ့ကျင့်ပေးကြရန် ရှင်းလင်းပြောကြား ပြီး သင်တန်းတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ခေါင်းစဉ်များအလိုက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့် နည်းပြ (TOT)Online သင်တန်းကို ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းတွင် ဆရာ ဆရာမ ၅၈ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
လှကျော်(ပြန်/ဆက်)