မိုးယွန်းကြီးအင်း သို့မဟုတ် ဌာနေ     ကြိုးကြာငှက်မျိုးစိတ်တို့ ခိုလှုံရာ

Type
777


 

သိန်းညွန့်(PZL)

 

 မြန်မာနိုင်ငံ တွင် အချိန်မီထိန်းသိမ်းကာကွယ်ခြင်းမပြုလုပ်ပါက   မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်စာရင်းထဲ၌  ပါဝင်နေသည့် မိုးယွန်းကြီးအင်းရှိ ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ် ရေရှည်ရှင်သန်ရပ်တည်ရေးအတွက် ကောင်းမွန်သည့်အခြေအနေတစ်ရပ်  ဖြစ်ထွန်းလာနေသည်ကို  တွေ့ရှိရပေသည်။ ယင်းမှာ အခြားမဟုတ် အင်း၏စားကျက် အနေအထားကောင်းမွန်ခြင်းနှင့်  ငှက်များအတွက် ပြင်ပ ပယောဂအနှောင့်အယှက်များ ကင်းရှင်းလာခြင်းတို့ကြောင့် ကြိုးကြာ အကောင်ရေ  တိုးပွားရေးဖြစ်စဉ်တွင် အပေါင်းလက္ခဏာများ ရှိလာခြင်းပင်ဖြစ်သည်။
စတင်တွေ့ရှိ
မိုးယွန်းကြီးအင်း၌  ကြိုးကြာငှက် များ   မတွေ့ရှိရသည်မှာ   နှစ်အတော် အတန်ကြာနေပြီဖြစ်ကြောင်း၊     ၂၀၁၇ ခုနှစ် မတ်လခန့်မှစတင်ပြီး မိုးယွန်းကြီး အင်းနှင့်   ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်းများတွင် စတင်တွေ့ရှိရခြင်း ဖြစ်ကြောင်း၊ အထီး၊ အမ နှစ်ကောင်နှင့် အရွယ်မရောက်သေးသည့်   သားပေါက် တစ်ကောင် စုစုပေါင်း သုံးကောင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။   ယခုနှစ်တွင်   အထီး အမတစ်စုံနှင့် သားပေါက်တစ်ကောင်ကို တစ်ကြိမ်တွေ့ရှိရပြီး     နောက်ထပ် ကြိုးကြာခေါင်းမည်း   တစ်ကောင်နှင့် ကြိုးကြာခေါင်းနီ  နှစ်ကောင်ကို  ထပ်မံ တွေ့ရှိရခြင်းကြောင့် ကြိုးကြာခေါင်းနီ စုစုပေါင်း ငါးကောင်တွေ့ရှိထားကြောင်း မိုးယွန်းကြီးအင်း   တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ  သိရ သည်။
ကြိုးကြာခေါင်းနီ    ငှက်များသည် လူမှုပတ်ဝန်းကျင်နှင့်နီးစပ်သော နေရာ များဖြစ်သည့် လယ်ကွင်းများ၊ လယ်ကွင်း ဧရိယာအစပ်များနှင့်   မြက်တောများ တွင်   အသိုက်လုပ်  နေထိုင်တတ်ကြသည်။ ကြိုးကြာငှက်များ၏   နေရင်းဒေသများထိခိုက်ပျက်စီးခြင်း၊     ကြိုးကြာဥများ ဖျက်ဆီးစားသုံးခံရခြင်း၊ ဥနှင့်အကောင် ပေါက်များ  မွေးမြူရန် ယူဆောင်ခြင်းနှင့် အခြားငှက်များကို   ဖမ်းဆီးရာတွင် ကြိုးကြာငှက်များပါ    ဖမ်းဆီးခံရခြင်းတို့ ကြောင့်  ရှားပါးလာခြင်းဖြစ်သည်။
အဆိုပါ ကြိုးကြာခေါင်းနီငှက်များ သည် ယခင်နှစ်များက မိုးယွန်းကြီးအင်း ဧရိယာအတွင်း  နေထိုင်ကျက်စားခြင်း မရှိဘဲ     အင်းနှင့် ဆက်စပ်ဧရိယာများ  တွင်သာ     ကျက်စား လေ့ရှိကြောင်း၊  ယခု မူ မိုးယွန်းကြီးအင်း    တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ် ရေးမှူးရုံးမှ   ထိန်း သိမ်း   ထား   သည့်  ကန်လေးလုံးဧရိယာ အတွင်း    နေထိုင် ကျက်      စား     ကြ ကြောင်း၊      ယင်း ဖြစ်စဉ်ကို    ထောက်ချင့်ခြင်းအားဖြင့်   မိုးယွန်းကြီးအင်းအနေအထားမြင်ကွင်း အချို့က      ခြိမ်းခြောက်မှုအန္တရာယ် အနည်းငယ်     လျော့နည်းလာသည်ကို တွေ့ရှိရပြီး    ကြိုးကြာအကောင်ရေ   တိုးလာသည့်ရလဒ်ကို     ဖြစ်ပေါ်စေ ကြောင်း  မိုးယွန်းကြီးအင်း    တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော  အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။
အများဆုံးတွေ့ရှိ
မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီ ငှက်ကို     ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ဝကျွန်းပေါ်ဒေသ၌ အများဆုံး တွေ့ရှိ ရပြီး ရခိုင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တို့ တွင်   အနည်းငယ်    နေထိုင်ကျက်စား ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရ သည်။
ကြိုးကြာငှက်များသည်    မျိုးစဉ် (Gruiformes)၊ မျိုးရင်း (Gruidae) အုပ်စုရှိ ခြေတံရှည်နှင့်   လည်ပင်းရှည်ငှက်များ အုပ်စုဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ကြိုးကြာ မျိုးစိတ်ပေါင်း ၁၅ မျိုးတွင် Antigone ၊ Balearica  နှင့်  Grus ဟူ၍   မျိုးနွယ် သုံးမျိုးရှိကြောင်း၊ ကြိုးကြာငှက်များသည် အန္တာတိကနှင့် တောင်အမေရိကမှ လွဲ၍ တိုက်ကြီးအားလုံးတွင်    နေထိုင်ကြ ကြောင်း  သိရသည်။  မြန်မာနိုင်ငံတွင်  ဌာနေငှက်ဟုခေါ်သည့်    ကြိုးကြာခေါင်းနီ (Sarus Crane)    နှင့် ဆောင်းရာသီရောက် မှသာ     မြန်မာနိုင်ငံသို့   လာရောက်တတ် သည့်  ကြိုးကြာခေါင်းမည်း (ဆောင်းခို ငှက်)   ဟူ၍      မျိုးစိတ် နှစ်မျိုး   တွေ့နိုင်သည်။   အပြည်ပြည်       ဆိုင်ရာ  ပတ်ဝန်းကျင်    ထိန်း သိမ်းရေးအဖွဲ့       (In-ternational Union for Conservation    of Nature-IUCN)    ၏ အန္တရာယ်ရှိ      အဆင့် စာရင်း  (Red List) အရ ဆိုလျှင်   မြန်မာနိုင်ငံရှိ   ကြိုးကြာခေါင်းနီ   ငှက် မျိုးစိတ်သည်   မျိုးသုဉ်း ရန်      အန္တရာယ်ကျရောက်နိုင်သော (Vulnerable) အဆင့်ရှိ   ငှက်မျိုးစိတ် ဖြစ်သည်။    မြန်မာနိုင်ငံတွင်     အမိန့် ကြော်ငြာစာအမှတ် (၆၉၀/ ၂၀၂၀) အရ လုံးဝကာကွယ်ထားသည့်    ငှက်များ စာရင်းတွင်   အဆိုပါ   ငှက်မျိုးစိတ်ကို  ထည့်သွင်းထားကြောင်း  ကြိုးကြာငှက် မျိုးစိတ်များကို  လေ့လာသုတေသနပြု နေသူ ပညာရှင်တစ်ဦးထံမှ သိရသည်။
နှစ်တစ်နှစ်၏   ဇွန်လမှ  စက်တင် ဘာလအထိကာလမှာ  ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်များ၏   သားပေါက်ရာသီ (Breeding Season)ဖြစ်ပြီး စက်တင်ဘာ လနှောင်းပိုင်းမှ မေလအထိ ကာလမှာ သားပေါက်ရာသီချိန်လွန် (Nonbreeding Season) ဖြစ်သည်ဟု အဆိုပါပညာရှင် ထံမှ သိရသည်။
ဝိုင်းဝန်းထိန်းသိမ်း
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော  အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်း များအနေဖြင့် ကြိုးကြာများအား   အနီး ကပ် လေ့လာမှတ်တမ်းတင်ခြင်းလုပ်ငန်း ကို လစဉ်ဆောင်ရွက်သည့်အပြင် နှစ်စဉ် အချိန်ကာလများသတ်မှတ်ပြီး  အဆိုပါ အင်းပတ်ဝန်းကျင်ရှိ    ကျေးရွာများသို့ ကွင်းဆင်းကာ    ကြိုးကြာငှက်များ၏ ရှားပါးလာမှု၊  မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်နှင့်    ရင်ဆိုင်နေရမှုများကို ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ငှက်များ၏နေရင်းဒေသ များကို  ထိခိုက်မှုမရှိစေရေး၊   အနှောင့် အယှက်ကင်းဝေးစေရေး အသိပညာပေး လက်ကမ်းစာစောင်များ     ဝေငှခြင်းနှင့် ထိန်းသိမ်းရေးဆိုင်းဘုတ်    ထူထောင် သည့်    အစီအစဉ်များ   ပြုလုပ်ခြင်း၊ ဖမ်းဆီးပစ်ခတ်ခြင်းပြုလုပ်ပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  အရေးယူသွား မည်ဖြစ်ကြောင်း၊ အသိပညာပေးလုပ်ငန်း များ  ဆောင်ရွက်ခြင်းအားဖြင့်   ဒေသခံ များသည် ကြိုးကြာခေါင်းနီငှက်မျိုးစိတ် များကို   ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိရှိလာကြကြောင်း  အဆိုပါ   အင်း ပတ်ဝန်းကျင်ရှိ ဝေါမြို့နယ် ဖလောက် ကျေးရွာမှ  ဒေသခံတစ်ဦး၏   ပြောကြား ချက်အရ သိရသည်။
ဧရိယာစတုရန်းမိုင်   
၄၀  ကျယ်ဝန်း
မိုးယွန်းကြီးအင်းသည် ဧရိယာစတု ရန်းမိုင်   ၄၀  ကျယ်ဝန်းကာ  ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့်    ဝေါမြို့နယ်အတွင်း တည်ရှိပြီး  ရှားပါးကြိုးကြာခေါင်းနီငှက် မျိုးစိတ်အပြင် ရှားပါးရေနေပင် မျိုးစိတ် များ၊ ငါးမျိုးစိတ်များ၊ ဆောင်းခိုငှက်နှင့် အခြားမျိုးစိတ်များ ရှင်သန်ကျက်စားရာ ဒေသဖြစ်ကာ သက်ဆိုင်ရာ အဖွဲ့အစည်း များ၊    ဒေသခံများ၏    ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ သဘာဝ အင်း၏ အလှအပနှင့် ဂေဟစနစ် ရေရှည် တည်တံ့ဖြစ်တည်မှုတို့အပေါ်      ခြိမ်း ခြောက်နေသည့်  အန္တရာယ်အမျိုးမျိုး လျော့နည်းလာပြီး ကြိုးကြာထိန်းသိမ်းရေးလုပ်ငန်းအတွက်   အထောက်အကူ ပြုနေကြောင်း၊     သို့ဖြစ်သည်နှင့်အညီ မိုးယွန်းကြီးအင်းနှင့်    ပတ်ဝန်းကျင် ကျေးရွာလယ်ကွင်းများတွင် ကြိုးကြာ ခေါင်းနီ   ထိန်းသိမ်းရေးလုပ်ငန်းများ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက် သွားသင့်ပါကြောင်း   စေ့ငုတင်ပြလိုက် ရပါသည်။          ။