ပြည်သူများ လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိသုံးစွဲနိုင်စေရေး အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ဆောလျင်စွာပြီးစီးရေး ဆောင်ရွက်


 

နေပြည်တော်    ဧပြီ    ၁၁ 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်‌နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊    အမှတ် (၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။
ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်တွင် အမှတ်(၅) တည်ဆောက် ရေးညွှန်ကြားရေးမှူး ဦးတိုးလွင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊  စီမံကိန်း၏ အဓိကလုပ်ငန်းကြီး များဖြစ်သည့်  ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေး စက်ရုံလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များကိုလည်းကောင်း၊   တည်ဆောက်ပြီးဖြစ်သည့် ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား  ၅၄  မဂ္ဂါဝပ် ထုတ်လုပ်နေမှုကို လည်းကောင်း      ရှင်းလင်းတင်ပြရာ     အမြဲတမ်း အတွင်းဝန်     ဦးသန်းနိုင်ဦးနှင့်    ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်   ဦးဟိန်းထက်တို့က   ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ 
လျှပ်စစ်သုံးစွဲနိုင်ရေး
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက လက်ရှိအချိန် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရာတွင်  အကြောင်းအမျိုးမျိုးကြောင့်  ဓာတ်အား ထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထုမှ အချိန်ပိုင်း အလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ ဆောင်ရွက်ချက်များအပေါ်        ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေ များအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာ ငွေအပေါ် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန် ကာလအတွင်း    ပြီးစီးအောင်  ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် စီမံကိန်းကို ဆောလျင်စွာ ပြီးစီးရေး အားသွန်ခွန်စိုက် ဆောင်ရွက် သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း  ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိသွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်အတွင်း ပင်မတမံတည်ဆောက် ပြီးစီးနေမှု၊  ပင်မရေပိုလွှဲလုပ်ငန်းတည်ဆောက်မှု၊ ရေယူအဆောက်အအုံ      ကျောက်သားနံရံခိုင်ခံ့မှု လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊      ရေထိန်းတံခါးပြွန် တည်ဆောက်ပြီးစီးနေမှု၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်း တံခါးပြွန်နှင့် ဖိအားမြင့်သံမဏိပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ   ဆောင်ရွက်ပြီးစီးနေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို  လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ 
ဒေသအကျိုးပြုစီမံကိန်း
အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ၏ ပင်မရေလှောင်တမံမှာ  အလျား ပေ ၁၈၀၀၊ အမြင့် ပေ ၂၃၀ ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့်   ရေသိုလှောင်ပမာဏမှာ     ဧကပေ ၁၀၄၀၀၀ ရှိကာ စက်တပ်ဆင်အင်အား ၁၇ မဂ္ဂါဝပ်ရှိ စက်သုံးလုံးဖြင့် စုစုပေါင်း  စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၂၆၇ သန်း  ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု   စီမံကိန်းတစ်ခုဖြစ်ပြီး   ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၁ ဒသမ ၆၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါအထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို  ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့်  နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့   ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ      ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                          
 သတင်းစဉ်