
နေပြည်တော် ဧပြီ ၁၀
ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပသည့် SEAGF COUNCIL အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေး ဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ SOUTH EAST ASIAN GAMES FEDERATION မှ တာဝန်ရှိသူများနှင့် SEAGF COUNCIL အဖွဲ့ဝင်များက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်း အဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုဥက္ကဋ္ဌ H.E.DR. THONG KHON က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် SEA Games ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ SAMDECH PICHEY SENA TEA BANH က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် SEAGF COUNCIL အဖွဲ့ဝင်များက အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အရှေ့တောင်အာရှဒေသတွင်းမှ SEAGF အဖွဲ့ဝင်များနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင်း၌ အားကစားလှုပ်ရှားမှုများဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြှင့်တင်ရေးဆောင်ရွက်မှုများတွင် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း၊ ကမ္ဘော ဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 32nd SEA Games အတွက် အစစအရာရာ အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းပေးပါ ကြောင်း၊ လာမည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် 31st SEA Games တွင် တွေ့ဆုံရန် မျှော်လင့်ပါ ကြောင်း မိတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးလုပ်ငန်းကော်မတီ ပူးတွဲဒုဥက္ကဋ္ဌ H.E.DR. THONG KHON မှ 32nd Combodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း အမျိုး အစားများကို ရှင်းလင်းပြောကြားရာ SEAGF အဖွဲ့ဝင် နိုင်ငံများက ထပ်မံထည့်သွင်း ကျင်းပလိုသည့် အားကစားနည်းများကို အဆိုပြုတင်ပြဆွေးနွေးပြီး ဆပ်ကော်မတီအလိုက် အတည်ပြုချက်များကို တင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် ဗီယက်နမ်နိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက 31st SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ကမ္ဘောဒီးယားနိုင်ငံ SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူက 32nd SEA Games နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်