
နေပြည်တော် ဧပြီ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ် ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
စွမ်းဆောင်ရည်မြင့်မားစေရေး
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်း များ မကြာမီဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင် များ၊ အိပ်ဆောင်များ၊ စားရိပ်သာများကို စနစ်တကျ ပြင်ဆင်ထားကြရန်၊ လိုအပ်သော အဆင့်မီ သင်ထောက်ကူပစ္စည်းများကို ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်ထားကြရန်၊ စာပေဘာသာရပ်များ သင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် မှာကြားသည်။
ထို့နောက် တာဝန်ရှိသူများက ဒီဂရီကောလိပ် ဆိုင်ရာ အချက်အလက်များ၊ သင်တန်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေး အတွက် သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြမှုများ အပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးပြီး ကောလိပ်၏ အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ရန် လျာထားမှု၊ စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုးမွေးမြူ ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိပြီး ဧည့်ခန်းမ၌ ကျောင်းအုပ်ကြီး က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ် သည်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာနနှင့် Japan Myanmar Association(JMA) တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုနှင့် (အပေါ်ယာပုံ) ထပ်မံဖွင့်လှစ်မည့် သင်တန်းများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကျောင်းဝင်းအတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင် များ၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာတွင် ဆောင်ရွက် လျက်ရှိသည့် Green House များနှင့် ငါးကန်များတွင် ငါးမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွေးမြူရေးစခန်းအကောင်အထည်ဖော်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၃) ၌ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟို လေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူ များ၊ သင်တန်းသား သင်တန်းသူများနှင့် ဝန်ထမ်း များ၊ မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် ကြက်၊ ဝက်၊ ငါး မွေးမြူရေးစခန်းအကောင်အထည် ဖော် ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးကာ စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ပြီး သင်တန်းကျောင်းအတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်