ဂွမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များထုတ်ပြန်

 

ဂွ    ဧပြီ    ၁၀


ရခိုင်ပြည်နယ်   ဂွမြို့နယ်၌    မဟာသင်္ကြန်ကာလအတွင်း   တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ စည်းကမ်းသေဝပ်ရေး၊ ပြည်သူများစိတ်အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးကို ရှေးရှု၍ အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရမည့်  စည်းကမ်းချက်များ ပါဝင်သော  ဒေသန္တရအမိန့် (၂/၂၀၂၂)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဧပြီ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ 

 


အဆိုပါ       ဒေသန္တရအမိန့်တွင်       သင်္ကြန်ရေပက်ကစားရာ၌ အန္တရာယ်ဖြစ်စေသည့် ရေကစားနည်းမျိုး မကစားကြရန်၊ ရေကစား မဏ္ဍပ်အနီးပတ်ဝန်းကျင်တွင် တရားမဝင်အရက်သေစာများ၊ မူးယစ် ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် တွေ့ရှိပါက တာဝန်ရှိသူများအား သတင်းပေးပို့တိုင်ကြားရန်၊ အမျိုးသမီးများအား  ကာယိန္ဒြေပျက်ပြား စေမည့်     အပြုအမူမျိုးမပြုလုပ်ကြရန်၊   တုတ်၊  ဓားလက်နက်များ  ကိုင်ဆောင်ခြင်း၊   စုဆောင်းခြင်း    မပြုလုပ်ကြရန်၊    မြန်မာ့ရိုးရာ သင်္ကြန်နှင့်ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ မပြုကြရန်၊ ဗြောက်အိုး ဖောက်ခြင်း၊ မီးရှူးမီးပန်းများဖောက်ခြင်း မပြုကြရန်၊ ရေကစားခြင်းကို နံနက် ၆ နာရီမှ  ညနေ ၆ နာရီအထိသာ   ဆောင်ရွက်ရန်၊    နိုင်ငံတော် အစိုးရအပေါ်  ဂုဏ်သိက္ခာနှင့် အကြည်ညိုပျက်စေမည့်  ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊  သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ   မပြုကြရန်   စသည့်အများပြည်သူများသိရှိ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်(၈)ချက်ကို ထုတ်ပြန်ထား ပြီး စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်