လားရှိုးမြို့နယ် မန်ပျဉ်ကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ်အဖြစ် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်

 

လားရှိုး   ဧပြီ   ၉ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ဝန်ကြီးဌာန     လက်အောက်ရှိ    ဦးစီးဌာနများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီးက   လားရှိုး မြို့နယ် မန်ပျဉ်ကျေးရွာရှိ  စိုက်ပျိုးရေးသိပ္ပံကျောင်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ်အဖြစ် ဖွင့်လှစ် နိုင်ရန်    ရည်ရွယ်ပါကြောင်း၊  ထိုသို့ဖွင့်လှစ်နိုင်ရန် စနစ်ကျသည့် landscape ဖြင့် လယ်၊ ယာ၊ ဥယျာဉ်ခြံ များ စိုက်ပျိုးနိုင်ရန်၊ ရေရရှိရေးစနစ်များနှင့် တိရစ္ဆာန် မွေးမြူရေးစနစ်များ၊ အဆောက်အအုံ ဒီဇိုင်းများတွင် ဆိုလာများတပ်ဆင်နိုင်ရေး အသုံးပြုနိုင်ရန်၊ သဘာဝ မြေဩဇာထုတ်လုပ်ရေးစနစ်များ စနစ်တကျ ရေးဆွဲ ရန်နှင့်  အဆင့်မီပြီး ဒေသအတွင်း စံပြဖြစ်နိုင်ရေး အတွက် စီမံဆောင်ရွက်ရန် မှာကြားသည်။

 


ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းများနှင့်လည်းကောင်း၊  မွေးမြူ ရေး    လုပ်ငန်းများနှင့်   စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ရေရရှိရေးနှင့်စပ်လျဉ်း ၍လည်းကောင်း၊ လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် လယ်စပါး၊   ယာစပါးများတွင်   အထွက်ကောင်း မျိုးသန့်များ  တိုးချဲ့စိုက်ပျိုးရေး၊  ကောက်ညှင်းစပါး မျိုးသန့်များ   တိုးချဲ့စိုက်ပျိုးရေးနှင့်  ဒေသအတွင်း ဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်  ဒေသအတွင်း   စိုက်ပျိုးထားသော  ဆီမုန်ညင်း၊ ပန်းနှမ်းများနေရာတွင်  အထွက်နှုန်းကောင်းမွန်သော ကနိုလာ    ဆီမုန်ညင်းများ  တိုးချဲ့စိုက်ပျိုးရေးတို့ကို ဆွေးနွေးမှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လားရှိုး မြို့ ပြည်သူများ သောက်သုံးရေဖူလုံစေရေး စီမံထား ရှိသည့် နမ့်ကျန် ရေလှောင်တမံအား ရေပိုမိုလှောင် နိုင်ရန် တာတမံနှင့် ရေပိုလွှဲမြှင့်တင်ခြင်းလုပ်ငန်း များကို    ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်   စနစ်တကျ လုပ်ဆောင်နိုင်ရေး အထူးမှာကြားကာ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်