
နေပြည်တော် ဧပြီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ် တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါ သည့် ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရိုးရာအိုးစည်အကဖြင့် လှိုက်လှဲစွာကြိုဆို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းတည်ဆောက်ရေး လုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ သိန်းနီမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ဦးနေလင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ရှမ်းရိုးရာ အိုးစည်အကများဖြင့် လှိုက်လှဲစွာကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဟော်နန်းပုံစံငယ်များကို ကြည့်ရှုရာ ဟော်နန်းပြန်လည်တည်ဆောက်ရေး လုပ်ငန်း တာဝန်ခံ မြို့မိမြို့ဖ ဦးစိုင်းဝင်းခိုင်၊ မနန်းလောင်ခေး နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် မျိုးသန့်တို့က လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟော်နန်းပြန်လည်တည်ဆောက်ရာတွင် သမိုင်း အထောက်အထားများကိုလေ့လာ၍ အနီးစပ်ဆုံး တူညီအောင် ကြိုးစားတည်ဆောက်ကြစေလို ကြောင်း၊ အဆောက်အဦပိုင်းပြီးစီးပါက အတွင်းပိုင်း၌ ထားရှိရမည့် ဓာတ်ပုံမှတ်တမ်းများ၊ မှတ်တမ်းစာအုပ် များ၊ သမိုင်းဝင်ရှေးဟောင်းပစ္စည်းများနှင့် အခြား အတွင်းပိုင်း အပြင်အဆင်ပစ္စည်းများကိုလည်း ကြိုတင်ဒီဇိုင်းရေးဆွဲ၍ နေရာတကျထားရှိနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မိုင်းပွန်စော်ဘွား ကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်းအဆောက်အဦ ကြီးနှင့် ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန် ကျောက် အင်းထလျဲန်၏ ကျိုင်းတုံဟော်နန်းကြီး တို့ကိုလည်း ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ ဆန္ဒအရ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး မိုင်းပွန်ဟော်နန်းကြီးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျိုင်းတုံဟော်နန်းကြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှစ၍ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သမိုင်းဝင်အဆောက် အဦများ၊ ဘာသာရေးအဆောက်အဦများကို မူလ ပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာ ကြီးမားမှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံ များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဟော်နန်း ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ နိုင်ငံ တကာတွင်လည်း ၎င်းတို့နိုင်ငံ၏ သမိုင်းဝင် အဆောက်အဦများ၊ အမွေအနှစ်များကို ပြန်လည် ဖော် ထုတ်တည်ဆောက်ခြင်း၊ မွမ်းမံခြင်းများပြုလုပ်၍ နောင်လာနောက်သားများ လေ့လာနိုင်ရန်၊ သမိုင်းကို သိရှိစေရန် ပြတိုက်များ၊ လေ့လာရန်အထိမ်းအမှတ် နေရာများအဖြစ် ပြုလုပ်ထားရှိကြသည်ကို တွေ့ရှိ ရမည်ဖြစ် ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သမိုင်းဝင်မြို့ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအား ပြန်လည်တည်ဆောက် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဟော်နန်းပရိဝုဏ် အတွင်းရှိ ယဉ်ကျေးမှုပြခန်းအတွင်း၌ သိန်းနီမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများအားတွေ့ဆုံရာ မြို့မိ မြို့ဖ ဦးစိုင်းမျိုးညွန့်က ယခုကဲ့သို့ မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့သမိုင်းဝင်ကျက်သရေ ဆောင် သိန်းနီဟော်နန်းကြီးအား ပြန်လည်တည် ဆောက်ရာတွင် ဦးဆောင်ဆောင်ရွက်ပေးခဲ့သည့် အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ ပြီးစီးတော့မည့် သိန်းနီဟော်နန်းကြီးသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ် စေမည်ဟု ယုံကြည်ပါကြောင်းနှင့် ဟော်နန်းကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း ဒေသခံများ အားလုံးဝိုင်းဝန်း၍ ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ဒေသခံ များက ဒေသရေရရှိရေးအတွက် လိုအပ်ချက်များကို တင်ပြကြသည်။
သိန်းနီဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များ မှာကြားဆွေးနွေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန်းနီဟော်နန်းကြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သိန်းနီမြို့သည် စီးပွား ရေးအရ အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးနိုင် ရေးစဉ်းစားခဲ့ရာတွင် ဦးစွာယဉ်ကျေးမှုအစဉ်အလာ များကိုဖော်ထုတ်လျက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဟု လေ့လာတွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် သိန်းနီဟော်နန်းကြီးကို ပြန်လည်တည် ဆောက်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူပုဂ္ဂိုလ် တစ်ဦးချင်းတိုးတက်မှသာလျှင် ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ မြို့နယ်မှစ၍ ဒေသတစ်ခုလုံးလည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံများက အဓိက ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင် ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း ကျောင်းတက်၍ စာပေပညာ သင်ကြားကြမှသာလျှင် စာပေတတ်မြောက်ကြမည်ဖြစ်ကြောင်း၊ ပညာတတ် မှသာလျှင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရန်နှင့် ကျောင်းသား ကျောင်းသူတို့၏ တစ်နှစ်တာအချိန် မနစ်နာစေရေး အတွက် ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့် ကြားကပင် စာသင်ကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာ ပညာရေး၏ စာသင်နှစ်ပြီးဆုံးပြီဖြစ်ပြီး နောင်လာမည့်နှစ် စာသင် နှစ်၌ ပညာရေး အရှိန်အဟုန်မြှင့်တင်ရန် ကြိုတင် ပြင်ဆင်ထားကြစေလိုကြောင်း၊ တစ်ဦးချင်းစီ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးမှသည် ဒေသအကျိုး အတွက် တိုက်တွန်းပြောကြားခြင်းသာ ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးရေးအတွက် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တန်ဖိုးမြင့် ထုတ်ကုန်၊ ထွက်ကုန်များ ထွက်ရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး လိုအပ် သည့် စိုက်ပျိုးမွေးမြူရေးအသိပညာနှင့် အရင်းအနှီး များကို အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ အဆင့်မြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့် သိန်းနီဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိန်းနီမြို့ဌာန ဆိုင်ရာများနှင့် ရပ်မိရပ်ဖများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မြို့မိမြို့ဖ ဦးစိုင်း မျိုးညွန့်က လက်ခံရယူသည်။
အဆိုပါသိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ပြည့်နှစ် သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့် မန္တလေး နန်းတော်ပုံစံအတိုင်းဆောက်လုပ်ထားပြီး အဆောက် အဦကြီးတစ်ခုထဲတွင် တစ်ခုနှင့်တစ်ခု ဆက်သွယ် ထားသော အဆောက်အဦများစွာပါဝင်သည့် ပုံစံဖြစ် ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီး တစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်းပါရှိ ကြောင်း၊ စော်ဘွားကြီးသည် နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ပြည့်နှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီးအပိုင် သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန်စစ်လေယာဉ်များ သည် သိန်းနီ-နမ္မတူချောင်းကူးတံတားကို ဗုံးကြဲ ဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက် ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ် ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဟော်နန်းပြန်လည် တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲ ဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်လျက်ရှိပြီး လက်ရှိ အချိန်တွင် ပြီးစီးမှုရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးပြီဖြစ် ကြောင်းနှင့် ပြီးစီးပါက ဟော်နန်းပြတိုက်အဖြစ် ထားရှိ၍ ဒေသအတွင်း သမိုင်းဝင်လေ့လာစရာနေရာ နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ မိသားစုဝင်များ နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက် သို့သွားရောက်၍ သီရီမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာ များနှင့် ဘာသာရေးဆိုင်ရာတို့ကို မေးမြန်းလျှောက် ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် သီရိရတနာဆွမ်းစားကျောင်းဆောင် တော်အတွင်း၌ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင် သားသံဃာတော်အပါး ၁၀၀ နှင့် မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်ကြီးအမှူးပြုသည့် သံဃာတော် များအား ဆွမ်းလောင်းလှူကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်