နိုင်ငံတကာလေကြောင်းလိုင်းဖွင့်လှစ်ချိန်မှစ၍ MAI လေကြောင်းလိုင်းမှ ပြည်တွင်း၊ပြည်ပခရီးစဉ်များကို တိုးချဲ့ပြေးဆွဲသွားမည်

 

ရန်ကုန်   ဧပြီ   ၈     


နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်သစ်ကူး နှစ်ဆန်း  ၁ ရက်နေ့မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဖွင့်လှစ်သွားမည်ဖြစ်ရာ  အပြည်ပြည်ဆိုင်ရာ   မြန်မာလေကြောင်း လိုင်း(MAI)အနေဖြင့် ပြည်တွင်း ပြည်ပခရီးစဉ်များကို  တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

 


မလေးရှား၊ စင်ကာပူနှင့် ဘန်ကောက်ခရီးစဉ်များကို တစ်ရက် တစ်ကြိမ်   နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ပြီး   ကွမ်ကျိုးနှင့်   အင်ချွန်း (တောင်ကိုရီးယား)ခရီးစဉ်များကို  တစ်ရက်သုံးကြိမ်၊ အိန္ဒိယ၊ ဒူဘိုင်းနှင့် ဂျပန်နိုင်ငံ ခရီးစဉ်များကို တစ်ပတ်တစ်ကြိမ်၊ ဖူးခက် (ထိုင်း)နှင့် ပီနန် (မလေးရှား)ခရီးစဉ်ကို    တစ်ပတ် နှစ်ကြိမ် MAI မှ ပြေးဆွဲသွားမည်ဖြစ်ပြီး မန္တလေး-ဘန်ကောက် ခရီးစဉ်ကိုလည်း ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကာ ဒေလီ(အိန္ဒိယ)၊ ဒူဘိုင်း နှင့်     ဂျပန်နိုင်ငံခရီးစဉ်များကိုလည်း   တစ်ပတ် တစ်ကြိမ် ပြေးဆွဲရာမှ   တစ်ပတ်သုံးကြိမ်    တိုးမြှင့် ပြေးဆွဲရန်  ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 


ပြည်တွင်း လေဆိပ် ၁၈ ခု ပြေးဆွဲ

“MAI လေကြောင်းအနေနဲ့ နိုင်ငံတော်ရဲ့ သယ်ယူ ပို့ဆောင်ရေးသတ်မှတ်ချက်နဲ့အညီ  ပူးပေါင်းပါဝင် ပံ့ပိုးခဲ့ပါတယ်။  ၁၉၉၃  ခုနှစ်ကစပြီး  ယနေ့အထိ   ၂၇ နှစ်တိုင် အောင်မြင်စွာ ဖြတ်သန်းခဲ့တာကြောင့် ရှေ့ဆက်ပြီး နိုင်ငံတော်ကချမှတ်တဲ့ သတ်မှတ်ချက် များနဲ့အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်း မြန်မာနိုင်ငံမှာ ပြန်လည်အသက်ဝင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍမှာ တစိုက်မတ်မတ် ဆောင်ရွက်သွားမှာ ပါ။ ပြည်တွင်းပြေးဆွဲမှုအနေနဲ့  ကလေးလေဆိပ် လည်းဖွင့်ပြီဆိုတော့ ပြေးဆွဲသွားမှာပါ။

 

ပြည်တွင်း လေဆိပ် ၁၈ ခုကို ပြေးဆွဲဖို့ရှိပါတယ်။ ကိုဗစ်ရောဂါ ကို နှစ်နှစ်ကျော်ခံစားခဲ့ရတဲ့အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းကို ပြန်လည်လုပ်ဆောင်တဲ့အခါမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ သတ်မှတ် စည်းကမ်းနဲ့အညီ ခရီးသွားတွေကို ဝန်ဆောင်မှုပေး သွားမှာပါ။ လေကြောင်းလိုင်းအနေနဲ့ နိုင်ငံတကာခရီး သွားများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါ တယ်”ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်းမှ Chief Operating Officer ဦးကျော်စိုးလှက ပြောသည်။

 


မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလ၌ MAI လေ ကြောင်းလိုင်းအနေဖြင့်    သံတွဲ၊      စစ်တွေနှင့်  ကျောက်ဖြူကိုပြေးဆွဲသွားမည်ဖြစ်ပြီး    မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ နေပြည်တော်၊ လားရှိုး စသည့် လေဆိပ် ၁၈ ခုကို ပြေးဆွဲသွားမည်ဖြစ်သည်။ 

 


ခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်


အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဝင်ရောက်လာသော နိုင်ငံတကာခရီးသွားများအား ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းနှင့်အညီ  စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပြီး နိုင်ငံတကာလေကြောင်းလိုင်း ဖွင့်လှစ် သည့် နေ့မှစ၍ MAI လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်း၊  ပြည်ပခရီးစဉ်များကို    ခရီးသွားများ အဆင်ပြေချောမွေ့စွာဖြင့် ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခု အဖြစ်   ဖြတ်သန်းနိုင်ရန်   ဝန်ဆောင်မှုများပေး၍ ကိုလည်း       တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး