စိတ်သစ် လူသစ် သည်နှစ်သစ်

 

*    ကျက်သရေ ခက်ဝေလွှမ်း
    တက်နေလျှမ်း လင်းအရုဏ်၊
    ဆင်းသိင်္ဂီ ဝါရွှေခင်းလို့
    ပိတောက်ပျို လေပြည်ညင်းတော့
    သင်းပျံ့ပျံ့ထုံ၊
    မြန်မာ့ပန်း မြန်မာ့ဂုဏ်
    ပြည့်စုံတဲ့ သင်္ကေတ၊
    မြန်မာမှန် မြန်မာစစ်သမို့
    ကောင်းအမွေ ဆက်ခံချစ်
    နှစ်သက်ပါကြ။
*    နံ့သာရေ မွှေးမြမြ
    ဆွတ်ဖျန်းကြ သိမ်မွေ့ယဉ်၊
    ဟောင်းညစ်တာ မကျန်ရစ်အောင်
    ပြောင်းလှစ်ကာ တစ်ဖန်သစ်ဖို့
    ဖြစ်ကြစေချင်၊
    မြန်မာမှု အရိုးအစဉ်
    တစ်မျိုးလျှင် ချစ်ဖို့ကောင်း၊
    မြန်မာ့ဟန် မြန်မာ့စိတ်
    ပြည့်သိပ်လှကြောင်း။
*    မုန့်အမယ် စုံပေတောင်း
    သဒ္ဓါလောင်း ကျွေးမွေးသည်၊
    “စတုဒိသာ” ခေါ်တွင်သ-တဲ့
    လေးမျက်နှာ လမ်းဆုံခွမှာ
    တွေ့ရတူညီ၊
    သန့်စင်ဖို့ မေတ္တာရည်
    ခေါင်းလျှော်မည် ဘိုးဘွားများ၊
    ခြေသည်းလက်သည်း ညှပ်ပေးမည်
    အဟောင်းပယ်သည် မြတ်စိတ်ထား၊
    နှစ်သစ်ခါ ရင်မှာအေးတဲ့
    ဆေးပန်းချီကား။
*    သည်ချိန်ခါ ပြည်တစ်လွှား
    ရေကစား ပျော်ကြမည်၊
    အဟောင်းအညစ်တွေ ကင်းစေကြောင်း
    ကောင်းစိတ်ရွယ်ရည်၊
    ကပ်ဆိုးတွေ ပျောက်စေကြောင်း
    ကောင်းနိမိတ်တည်၊
    ငြိမ်းချမ်းလို့ ဝပြောစည်
    တို့မြန်ပြည် မြင့်စေရေး၊
    စိတ်သစ် လူသစ်နဲ့
    နှစ်သစ်မှာ အားသွန်ခဲ
    နွှဲကြစို့လေး . . . ။      ။
            

မောင်စိမ်းနောင်(လယ်ဝေး)