
လင်းဟန်သစ်
ယီမင်ပဋိပက္ခမှာ အဖွဲ့အစည်းအသီးသီးရဲ့ နှစ်လကြာအပစ်ရပ်စဲရေး သဘောတူညီချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြိုဆိုလိုက်ပါတယ်။ ဒီနှစ်လကြာ အပစ်ရပ်စဲရေး သဘောတူညီချက်ဟာ ဧပြီ ၂ ရက်မှာ စတင်အသက်ဝင်ခဲ့ပါတယ်။
စစ်ပွဲကို အဆုံးသတ်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ရမယ်
အပစ်ရပ်စဲရေးသဘောတူညီချက်ဟာ ယီမင်ရဲ့ လတ်တလော လူသားချင်းစာနာထောက်ထားမှုနဲ့ စီးပွားရေး လိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းနဲ့ ယီမင် နိုင်ငံရေး ဖြစ်စဉ်များကို ပြန်လည်စတင်နိုင်ရန် အခွင့်အရေးပေး လိုက်ခြင်းဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။
ဒီအပစ်ရပ်စဲရေးသဘောတူညီချက်ဟာ ယီမင်ရဲ့ ဖွတ်ဖွတ် ညက်ညက်ကြေနေတဲ့ စစ်ပွဲကို အဆုံးသတ်ပေးဖို့ ပထမဆုံးခြေလှမ်း ဖြစ်ရမယ်လို့ ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။
သဘောတူခဲ့ကြ
ယီမင်ဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးသံတမန် ဟန်းစ်ဂရွန် ဘာ့ဂျ်က ဂျော်ဒန်နိုင်ငံ အမ္မန်မှာ အခက်အခဲပြဿနာတွေကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းများဟာ ယီမင်နိုင်ငံနဲ့ နယ်စပ်မှာ လုပ်ဆောင်နေတဲ့ ဝေဟင်၊ မြေပြင်၊ ရေပြင် အလုံးစုံထိုးစစ်များကို ရပ်ဆိုင်းရန် သဘောတူခဲ့တယ်လို့ ဂရွန်ဘာ့ဂျ်က ပြောကြားလိုက် ပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းတွေဟာ ဟိုဒေးတာဆိပ်ကမ်းကို လောင်စာသင်္ဘောတွေ ဝင်ထွက်သွားလာဖို့ကိုလည်း သဘောတူခဲ့ သလို ဆာနားလေဆိပ် အတွင်းအပြင်ဘက်မှာလည်း စီးပွားရေး လေကြောင်းလိုင်းတွေ ဝင်ထွက်သွားလာခွင့်ကိုလည်း သဘောတူခဲ့ ကြပါတယ်။
ထပ်မံသက်တမ်းတိုးနိုင်
သူ့ရဲ့ဦးဆောင်မှုနဲ့အတူ အဖွဲ့အစည်းတွေဟာ တိဇ်မှာရှိတဲ့ လမ်း တွေနဲ့ ယီမင်မှာရှိတဲ့ တခြားပြည်နယ် အုပ်ချုပ်ရေးမှူးရုံးတွေ ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးဖို့ နောက်ထပ် သဘောတူခဲ့ကြပါ တယ်လို့ ဂရွန်ဘာ့ဂျ်က ပြောကြားခဲ့ပါတယ်။
နှစ်လကြာပြီးတဲ့နောက်မှာလည်း ဒီအပစ်ရပ် (ယာယီစစ်ပြေငြိမ်း) သဘောတူညီချက်ကို ပါတီတွေရဲ့ ခွင့်ပြုချက်နဲ့အတူ ထပ်မံ သက်တမ်းတိုးသွားနိုင်မှာဖြစ်ပါတယ်လို့ ဂရွန်ဘာ့ဂျ်က ဆက်လက် ပြောကြားခဲ့ပါတယ်။
ဂူတာရက်စ်ချီးကျူး
သဘောတူညီချက်နဲ့ပတ်သက်ပြီး ယီမင်အစိုးရ၊ ဆော်ဒီဦးဆောင် မဟာမိတ်အဖွဲ့၊ ယီမင်ရှိ ဟူသီများကို ဂူတာရက်စ်က ချီးကျူးခဲ့ပါတယ်။ ပြီးတော့လည်း ဒီယာယီစစ်ပြေငြိမ်းသဘောတူညီချက်ကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ အဖွဲ့များကို ဂူတာရက်စ်က တိုက်တွန်းပြောကြားထားပါတယ်။
တိုက်ခိုက်မှု ရပ်ဆိုင်းခြင်း၊ တစ်ဆက်တည်း လောင်စာဆီသင်္ဘော များ ဝင်ထွက်သွားလာခွင့်ပြုခြင်း၊ နိုင်ငံအတွင်း၊ အပြင်လူများနဲ့ ကုန်စည်များရဲ့ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းတွေဟာ ယုံကြည်မှုတည်ဆောက်ရာမှာ တစ်ဖက် တစ်လမ်းက အထောက်အကူဖြစ်စေခြင်းနဲ့ ပဋိပက္ခအဆုံးသတ်ပြီး ငြိမ်းချမ်းရေးထာဝရတိုးတက်ဖြစ်ပေါ်ရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဖြစ်ပေါ်စေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
ကောင်းမွန်တဲ့ယုံကြည်ချက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လို
အဖွဲ့အစည်းများဟာ ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဂူတာရက်စ်က ဆက်လက်တိုက်တွန်းပြော ကြားထားပါတယ်။ အန္တိမရည်မှန်းချက်ကတော့ ယီမင်ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေ၊ တရားဝင်ဖြစ်ရေးကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းချက်မျိုး ဖြစ်ဖို့ပဲလို့ ဂူတာရက်စ်က ပြောပါတယ်။
ယီမင်အမျိုးသမီးများ၊ ကလေးများနဲ့ ယောက်ျားသားတွေရဲ့ အသက်ပေါင်း သန်းပေါင်းများစွာကို ပျက်စီးစေခဲ့သော ခုနစ်နှစ်ကျော် ကြာတဲ့ ဒီယီမင်စစ်ပွဲဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်း တစ်ခုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ယီမင်စစ်ပွဲဟာ နိုင်ငံတွင်းမှာရှိတဲ့ အဖွဲ့အစည်း တွေကိုလည်း ယိမ်းယိုင်ပြိုလဲစေခဲ့ပါတယ်။ ထို့အတူ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်လို့ ဂူတာရက်စ်က ဆက်လက်ပြောကြားထားပါတယ်။
ပိုမိုတောက်ပတဲ့အနာဂတ်ကို စတင်
ဒီနေ့ဟာ ယီမင်ပြည်သူတွေရဲ့ ပိုမိုတောက်ပကောင်းမွန်တဲ့ အနာဂတ်ကို စတင်လိုက်တာပဲဖြစ်တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
ဒါ့အပြင် ဒီလိုမျိုး အပစ်ရပ်စဲရေးသဘောတူညီချက်မျိုးဟာ ပျက်စီးလွယ်ကြောင်းလည်း ဂူတာရက်စ်က သတိပေးထားပါသေး တယ်။ ဒါကြောင့် ဒီသဘောတူညီချက်ဟာ တကယ့်လေးစားစရာ ကောင်းတဲ့ သဘောတူညီချက်ဖြစ်ဖို့နဲ့ ယီမင်မှာ တကယ့်နိုင်ငံရေး လုပ်ငန်းစဉ်ကို စတင်လိုက်နိုင်တယ်ဆိုပြီး အရှိန်အဟုန်ကောင်းကောင်း နဲ့ ဆက်လက်လုပ်ဆောင်သွားဖို့လိုတယ်လို့ သူကပြောပါတယ်။
ငြိမ်းချမ်းရေးရရှိအောင်လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်
ယီမင်ရဲ့ အပစ်ရပ်စဲရေးသဘောတူညီချက်ဟာ တခြားငြိမ်းချမ်း ရေး သဘောတူညီချက်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်မယ် လို့ မျှော်လင့်ကြောင်းလည်း ဂူတာရက်စ်က ပြောပါတယ်။
မဖြစ်နိုင်ဘူးလို့ထင်မြင်နေရင်တောင် ညှိနှိုင်းဆွေးနွေးဖို့ စိတ်ဆန္ဒ သာရှိမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ဖြစ်လာနိုင်ပါတယ်ဆိုတဲ့ အချက် ကို ဒီအပစ်ရပ်စဲရေးသဘောတူညီချက်က ဖော်ပြနေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ ယူကရိန်းနဲ့ တခြားကမ္ဘာ့အစိတ် အပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် တစ်စုံတစ်ရာ သော ငြိမ်းချမ်းရေးရရှိဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်ယုံကြည်မိ ကြောင်း ဂူတာရက်စ်က ပြောပါတယ်။
ကိုးကား - ဆင်ဟွာ