ကျောင်းတွင်းအားကစားပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ....

Type
၅

 

ဒေါက်တာမောင်သင်း
 

 

(ယမန်နေ့မှအဆက်) 


(ဂ) သည်းခံစိတ်ရှည်မှုစွမ်းရည်မြင့်မားလာခြင်း


အားမာန်သုံး၍    ပြေးလွှား၊     လုယက်ယှဉ်ပြိုင် ကစားရသည့် ဘောလုံး၊ ဘတ်စကက်ဘောကစား နည်းမျိုးကဲ့သို့ ကစားပွဲများတွင် ထိခိုက်ကြ၊ နာကျင် ကြပါသည်။ ထို့အတူ တမင်သက်သက်တိုက်ခိုက် ခြင်းမျိုး၊ ကိုယ်နှုတ်အမူအရာဖြင့် စော်ကားခြင်းမျိုး လည်း  ခံရတတ်ပါသည်။   မောပန်းပြီး   ဒေါသ ထွက်လွယ်သည့်အချိန်မျိုးမှာ သည်းခံမှုကင်းကာ ပြန်လည်တုံ့ပြန်ခဲ့လျှင်   ပြစ်ဒဏ်ပေးခံရပါမည်။ တုံ့ပြန်မှုအားကြီးလျှင် ပြိုင်ပွဲကထွက်ရပါလိမ့်မည်။ ထိုသို့မဖြစ်ရန်    မိမိပြိုင်ဘက်ကို    သည်းခံရသလို ကိုယ့်ကစားဖော်၏  အားနည်းချက်ကြောင့် အသင်း ရှုံးခဲ့လျှင် (သို့မဟုတ်) ပြစ်ဒဏ်ခံရလျှင်လည်း အပြစ် တင်မည့်အစား အားပေးရပါသည်။ 

 


ထို့အတူ   ကိုယ့်ဘက်လူက    ဒိုင်(သို့မဟုတ်) ပြိုင်ဘက်အား    စည်းကမ်းဘောင်ကိုကျော်လွန်၍ တုံ့ပြန်တော့မည်ဆိုလျှင်လည်း    မလုပ်မိအောင် သည်းခံနိုင်အောင်    ဝိုင်းဝန်းထိန်းသိမ်းရပါသည်။ မိမိသားသမီး၊   တပည့်များကို   မိဘဆရာများက သည်းခံမှုဖြင့်        ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း သည်  “စိတ်ထားမြင့်သူများ၏အကျင့်”  (သို့မဟုတ်) “ခေါင်းဆောင်ကောင်းများ၏စိတ်ထား” ဟု  ညွှန်ပြ နိုင်ရပါမည်။     ထို့အတူ  အားပေးသည့်ပရိသတ် ကျောင်းသား ကျောင်းသူများကိုလည်း အားပေးရာ တွင် အားကစားသမားများ၏ဒေါသကို ဆွပေးခြင်း မျိုးဖြင့်     အားမပေးမိရန်သင်ကြားပေးရပါမည်။ ဤသို့လျှင် ကျောင်းသားအားလုံးကို ဘဝတစ်လျှောက် စိတ်ရှည်သည်းခံမှုအကျင့်ကို အထုံပါရမီဖြစ်သွား သည်အထိ အားကစားအခြေပြုဖြင့် လေ့ကျင့်ပေး နေခြင်းဖြစ်ပါသည်။

 


(ဃ)  ဘုံရည်မှန်းချက်ကိုစုပေါင်းအကောင်အထည် 
        ဖော်နိုင်ခြင်း


အသင်းလိုက်ကစားရသည့်ဘောလုံး၊ ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ပြေးခုန် ပစ်၊ ထုပ်ဆီးတိုး  စသည်တို့သည်    တစ်ဦးတည်း တော်၍မရပေ။   အားလုံးညီညွတ်မှ   ရပေသည်။ နိုင်ငံတကာပွဲများတွင်  တစ်ဦးချင်းနာမည်ကြီးသူ မပါဝင်သော်လည်း   အသင်း၏စုပေါင်းညီညွတ်မှု စွမ်းအားကြောင့်    အောင်ပန်းဆင်ရသည့်အသင်း ဒုနှင့်ဒေးပင်။ ငါတစ်ဦးတည်းနာမည်ရရန် အစွမ်းပြ ဖို့ထက် အသင်း၊ အဖွဲ့ဂုဏ်တက်ဖို့ဆိုပြီး ဦးထိပ်ထား ကစားရပါမည်။ ကျောင်းအားကစားပွဲများတွင် မတူညီ မှုမှရသည့် ညီညွတ်မှုအား (Diversity and Unity) ကို ပေါ်လွင်အောင် အားကစားပြိုင်ပွဲ နည်းမျိုးစုံဖြင့်     လေ့ကျင့်ပေးနေခြင်းဖြစ်သည်။      ငါတို့အသင်း အောင်မြင်မှုသည်         ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အပြန်အလှန်    ပံ့ပိုးမှုစွမ်းရည်တွေကြောင့်ပါလား ဆိုသည့်   အသင်းသားအချင်းချင်း    အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှုစွမ်းရည်ကို တည်ဆောက် ရင်း တန်ဖိုးထားမှုများ ပေါ်ထွန်းလာစေခဲ့ပါသည်။ အပြန်အလှန်  လေးစားယုံကြည်မှုသည်    လူ့အဖွဲ့ အစည်း၏ ငြိမ်းချမ်းမှုသန္ဓေပင်ဖြစ်ပါသည်။ သို့ဖြစ် ၍ ဦးသန့်က “အားကစားနှင့် ငြိမ်းချမ်းရေး” ကို ယခုကဲ့သို့ ဆက်စပ်ပြခဲ့ခြင်းဖြစ်ပါသည်။

 


(င)  အရှုံးကိုလက်ခံနိုင်စွမ်းမြင့်မားလာခြင်း


လူ့ဘဝသည်  နိမ့်တုံမြင့်တုံပါ။   အတက်ရှိလျှင် အကျရှိသည်။ နိုင်သည်ရှိသလို ရှုံးသည်လည်းရှိသည် မှာ ဓမ္မတာပါ။  အမြဲနိုင်သူမရှိသလို အမြဲရှုံးသူလည်း  မရှိပါ။ ထိုသဘောကိုသိ၍ ခံနိုင်ရည်ရှိရန်  ကျောင်း များတွင်  အားကစားဖြင့်  လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ ငယ်ရွယ်သူသဘာဝ နိုင်လျှင်ပျော်ကြသော် လည်း ရှုံးလျှင်ငိုယိုကြ၊ မခံနိုင်ကြပါ။  အသင်းသား များသာမက အားပေးသူများလည်း  ပါဝင်ပါသည်။  ၂၀၁၃  ခုနှစ်လောက်က    မြန်မာ-အိုမန် နှစ်နိုင်ငံချစ်ကြည်ရေးဘောလုံးပွဲကို  မှတ်မိကြပေလိမ့်မည်။ မြန်မာအသင်းရှုံးတော့ ခဲ၊ ပုလင်းများနှင့်ပစ်ပြီး ကွင်းထဲဆင်းလာကြခြင်းပါ။ မြန်မာ့အသင်းသည် နိုင်ငံကို ကိုယ်စားပြုသည့်အပြင် အိမ်ရှင်လည်းဖြစ်ရာ     သိက္ခာနှစ်ခါကျဆင်းရသည့်အဖြစ်မျိုး ကြုံရပါသည်။ 

 


ထို့အတူ ဝဏ္ဏသိဒ္ဓိကွင်း၌  ကလပ်အသင်းပြိုင်ပွဲ တွင် အားကစားသမားက ဒိုင်ကို  လက်သီးနှင့်ထိုး၊ နည်းပြကပါ တားဆီးရမည့်အစား ဝင်ထိုးခြင်းသည် အရှုံးကို    လက်ခံနိုင်စွမ်းမရှိသည့်သဘောပါ။ ကျောင်းတွင်းအားကစားပွဲများတွင် အရှုံးကို လက်ခံ နိုင်စွမ်းရှိသည့်သဘောကို   လေ့ကျင့်ပေးခဲ့မှုအထုံ အဖြစ်ပါလာခဲ့လျှင်   အဆိုပါဖြစ်ရပ်မျိုး ဖြစ်လာ စရာမရှိပါဟု မြင်မိပါသည်။ 
ပွဲပြီးလျှင် နိုင်သူရော ရှုံးသူကပါ လက်ဆွဲနှုတ်ဆက် သည့် လူကြီးလူကောင်း အလေ့အထကို    ပြုစု ပျိုးထောင်ပေးရပါမည်။ တကယ်တော့ အရှုံးဆိုသည် မှာ ကျဆုံးခြင်းမဟုတ်ပေ။  ရှုံးခြင်းသည်  အောင်မြင် ရေး၏တွန်းအား   (သို့မဟုတ်)  အားဆေးတစ်မျိုးပင်။ နောက်ထပ်ရင်ဆိုင်ရမည့်ပွဲနှင့် လူ့ဘဝအခက်အခဲ ဖြတ်ကျော်မှုများအတွက် “ဆက်လက်ဖြည့်ဆည်း ရမည့်စွမ်းရည်” (သို့မဟုတ်) “အားဖြည့်သင်ခန်းစာ” အဖြစ် ခံယူတတ်ပြီး မိမိတစ်ဦးချင်းမှသည်  မိမိ အသင်း၏အားနည်းချက်ကို ပြန်ရှာတတ်ရန်နှင့်  ယင်း အားနည်းချက်များကိုပြုပြင်၍ ပိုမိုကောင်းမွန်အောင် အသုံးပြုတတ်ရန် လေ့ကျင့်နေခြင်းသာဖြစ်ပါသည်။

 


(စ)  ပြိုင်ဘက်သည် ရန်သူမဟုတ်၊ ပါရမီဖြည့်ဖက်ပါ


ကျောင်းတွင်းအားကစားပြိုင်ပွဲ၏   အမြင့်ဆုံး ရည်မှန်းချက်ပင်ဖြစ်ပါသည်။      ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်သည်   မိမိထက်ညံ့လျှင်  အလွယ်တကူ နိုင်ကြပါသည်။ သာမန်အားဖြင့် နိုင်၍ပျော်ကြသည်။ ကျောင်းတွင်းအားကစားပြိုင်ပွဲဝင်သူတိုင်း ထိုအဆင့် မှာပင် ရပ်ထားခဲ့ကြသည်။    အမှန်မူ   ထိုပွဲသည် မနိုင်ပါ။     ရှုံးသည်ဟုပင်    ပြောရပါလိမ့်မည်။ ကျောင်းတွင်းအားကစားပြိုင်ပွဲသည်   လေ့ကျင့်ပွဲ ဖြစ်၍ မိမိထက် ခြေညံ့သူ၊ လက်ရည်နိမ့်သူနှင့်ပြိုင်၍ အရည်အသွေးတိုးတက်စရာ   အကြောင်းမရှိပါ။ ပြိုင်ဘက်အသင်းက   ကိုယ့်ထက်သာလေ    ကိုယ့် အသင်းက ဘက်စုံ (တစ်ဦးချင်း၏ ပညာ၊ နည်းစနစ်၊ လုံ့လ၊ သက်လုံ၊ စည်းလုံးညီညွတ်မှု၊   စိတ်ဓာတ် ခွန်အား) ပိုသာအောင် ကြိုးစားရပါသည်။ 

 


ပွဲကျပ်တွေ့တိုင်း      လက်ရည် (သို့မဟုတ်) ခြေပိုတက်လာကြပါသည်။ ပြိုင်ဘက်က တော်လေ ကိုယ့်အသင်းက ခြေပိုတက်လေမို့ ပြိုင်ဘက်သည် ကိုယ်နှင့် ကိုယ့်အသင်းကို ပိုမိုထူးချွန်ထက်မြက်လာ အောင်  လေ့ကျင့်ပေးသော   မိတ်ဆွေကောင်းပါ။ ကိုယ့်ကောင်းကျိုးအတွက်        ပါရမီဖြည့်သူလို့ ကျောင်းသားမျိုးဆက်တိုင်း မြင်တတ်အောင်  မိဘ ဆရာများက ညွှန်ပြပေးရပါလိမ့်မည်။ ပြိုင်ဘက်သည် ဘယ်သောအခါမျှ ရန်သူဟု  မြင်စရာအကြောင်းမရှိ ကြောင်းနှင့် မိတ်ဆွေရင်းချာ၊ ပါရမီဖြည့်ဖက်ဟုသာ မြင်ပြီးခံယူသွားအောင် အားကစားကို အလေ့ကျင့်ခံ အဖြစ်သုံး၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်သည်။

 


 ငါနှင့် ငါ့အသင်းနိုင်ဖို့ဆိုသည့်     အတ္တစိတ် ကြီးထွားအောင် (သို့မဟုတ်) ကျောင်းသားတိုင်း၏ လူ့တန်ဖိုးနိမ့်ကျသွားအောင်     ပြိုင်ခိုင်းနေခြင်း မဟုတ်ပါ။ ပြိုင်ဘက်သည် ရန်သူဆိုသော အဆိုးမြင် ကင်းရပါမည်။ ကိုယ့်မိတ်ဆွေကောင်းသာဖြစ်ပြီး ထိုမှတစ်ဆင့်တက်ကာ    ပါရမီဖြည့်ဖက်ဆိုသည့် အမြင်မျိုး လူသားမျိုးဆက်တိုင်း ငြိမ်းချမ်းသော အတွေးအမြင်မျိုး ပိုင်ဆိုင်လာအောင် ကျောင်းတွင်း အားကစားမျိုးစုံဖြင့်       လေ့ကျင့်ပေးနေခြင်းပါ။  အမျိုးသားကျောင်းအုပ်ဆရာကြီး    ဦးသန့်က “ပြိုင်ဘက်ကို     လေးစားတန်ဖိုးထားခြင်းသည်    ငြိမ်းချမ်းရေးစိတ်ထား” ဟု လွန်ခဲ့သည့် နှစ် ၅၀ ခန့်ကတည်းက မီးမောင်းထိုးပြခဲ့ခြင်းဖြစ်ပါသည်။

 


ထိုသို့     ကျောင်းတွင်းအားကစားပြိုင်ပွဲများမှ  “စံပြည့်အားကစားစိတ်ဓာတ်” ဆိုသည်မှာ အနိုင် ရယူဖို့ဆိုသည့်   အလွန်သေးသိမ်သောစိတ်ထား ကိန်းအောင်းနေဖို့မဟုတ်ပါ။  ကမ္ဘာ့ငြိမ်းချမ်းရေး ကို ဦးတည်သည့် မြင့်မြတ်စိတ်ထားကို နိုင်ငံသား တိုင်းတွင် ကြွယ်ဝရန်အထိဖြစ်ပါသည်။   အိုမန်နှင့် မြန်မာပွဲ     ဝဏ္ဏသိဒ္ဓိကွင်းတွင်ဖြစ်သည့်ကိစ္စများ သည် “ဘောလုံးပွဲပဲ၊     ငါတို့ပညာရေးနဲ့   ဘာဆိုင်လဲ၊ အားကစားဝန်ကြီးဌာနကိစ္စ” ဟု       ပညာရေးက တာဝန်ရှိသူများ လုံးဝမမြင်သင့်ပါ။ 

 


 ဘောလုံးပွဲတွင် စည်းကမ်းဖောက်သူများကို ဝိုင်းပြီးအပြစ်တင်နေကြခြင်းပါ။ တကယ်က လွန်ခဲ့ သည့် နှစ် ၂၀ ကျော်မှသည် ယနေ့ထိ ကျောင်းများ တွင် “ကာယအချိန်မှာ စာဝင်သင်သွားသည့်ရလဒ်ပါ” ဟု မိဘများနှင့် ကျွန်တော်တို့ပညာရေးက တာဝန်ရှိ သူများ သုံးသပ်မိရန် လိုပါလိမ့်မည်။ 

 


ဖတ်စာအုပ်ထဲကစာတတ်မှ အမှတ်များများ ရရေးကိုသာ လူ့အရည်အချင်းဟုမြင်ပြီး စာသင်ခြင်း ကို ဇောင်းပေးပြီး   လူ၏ ကာယ၊ ဉာဏ၊ စာရိတ္တ နှင့်      မိတ္တဗလတို့ဖွံ့ဖြိုးရေးကို   စာမေးပွဲရမှတ်နှင့် လဲခဲ့ကြ၍ဟုမြင်မိပါသည်။    သို့အတွက်ကြောင့် နိုင်ငံသားတစ်ယောက်၏    အားကစားမှရမည့် ငြိမ်းချမ်းသည့်စိတ်ဓာတ်၏ ဆန့်ကျင်ဘက်ဖြစ်သည့် နိုင်လိုမှု၊ အသာစီးရလိုမှုကြောင့် ဖြစ်ပေါ်လာသည့် အတ္တကြီးမှုကို အခြေခံသည့် စည်းကမ်းပျက်မှု၊ ဆူပူ မှုများ  ပေါ်ထွန်းလာခြင်းသာဖြစ်သည်ဟု   သုံးသပ် မိပါသည်။ ဦးသန့်ပြောသလို အားကစားသမားများ ပိုင်ဆိုင်သည့်  ငြိမ်းချမ်းမှုစိတ်ထား၏   ပြောင်းပြန် ရလဒ်များ ပေါ်ထွန်းလာခြင်းပါ။

 


ငြိမ်းချမ်းမှုကိုမြတ်နိုးသူများဆိုသည်မှာ


ကျောင်းတွင်းအားကစားပြိုင်ပွဲများက အထက် ဖော်ပြပါ “သည်းခံစိတ်မြင့်မားလာမှု၊ စည်းကမ်းကို လေးစားလိုက်နာတန်ဖိုးထားမှု၊ အရှုံးကိုလက်ခံနိုင် မှု၊ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် စည်းလုံး ညီညွတ်စွာ အကောင်အထည်ဖော်နိုင်မှု၊ ပြိုင်ဘက် ကို ရန်သူဟုအမြင်ကင်းကာ   ကိုယ့်အရည်အသွေး တက်လာအောင် လေ့ကျင့်ပေးသည့်  မိတ်ကောင်း ဆွေကောင်း၊
 တစ်နည်းအားဖြင့်   မိမိထူးချွန်အောင်မြင်မှုအတွက်   ပါရမီဖြည့်ဖက်ဟုခံယူထားနိုင်မှုနှင့်    စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်သူများ”  ပေါ်ထွန်းလာပါ သည်။ 

 


ထိုသူများသည်   အလိုမပြည့်သူများ၊     နိုင်လို မင်းထက်ပြုမူသူများ၊ အတ္တကြီးသူများ၊ ငါနှင့်မတူ ငါ့ရန်သူဟု   ခံယူထားသူမျိုးဆက်များမဟုတ်ကြ တော့ပါ။ အဆိုပါအညံ့ကိုစံထားသော စိတ်ထား ကင်းသည့်   ပြည့်ဝနိုင်ငံသားများ  ဖြစ်လာပါပြီ။ ပြည့်ဝနိုင်ငံသားများသည် ငြိမ်းချမ်းမှုကို မြတ်နိုးသူ များ၊  အမှန်နှင့်အမှားကို   ခွဲခြားနိုင်ပြီး   အဓမ္မကို ဆန့်ကျင်၍ ဓမ္မကိုသစ္စာခံကာ မိမိနှင့် မိမိ၏လူ့အဖွဲ့ အစည်းကို မငြိမ်းချမ်းမှု၊ ဆူပူမှုဖြစ်အောင်ပြုကြသူ များမဟုတ်ကြတော့ပါ။         ကျွန်တော်တို့၏ ယနေ့     ငြိမ်းချမ်းရေးဖော်ဆောင်မှုခရီးစဉ်သည် “ငြိမ်းချမ်းရေးအစ    ကျောင်းတွင်းအားကစားက” ဟု ခံယူထားသူမျိုးဆက်သစ်များ  ပါဝင်လာလျှင်    ယခုထက်  ပိုမိုလျင်မြန်လာလိမ့်မည်ဟု  ယုံကြည် မိပါသည်။

 


ငြိမ်းချမ်းမှုအစ ချစ်ကြည်ရင်းနှီးမှုက


ကျောင်းတွင်းအားကစားပြိုင်ပွဲများက အထက် ပါ  နိုင်ငံသားအရည်အချင်းများကို   လေ့ကျင့် ဖြည့်ဆည်းပေးနေရုံဖြင့်      ငြိမ်းချမ်းမှုကို မဖော်ဆောင်နိုင်သေးပါ။  ချစ်ကြည်ရေးပြိုင်ပွဲများ ကျင်းပပေးရပါလိမ့်မည်။     ကျောင်းတွင်းမှသည် မြို့နယ်တွင်း၊  မြို့နယ်တွင်းမှသည် ခရိုင်အဆင့်၊ ပြီးလျှင်   ယခုကျင်းပခဲ့သည့်  မန္တလေးတိုင်းဒေသ ကြီးမှာကဲ့သို့   တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ ပြုလုပ်ပေးရပါမည်။ 

 


လက်ရှိအခြေအနေတွင်လည်း   အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အခြေခံကျောင်း များ၏  အားကစားပြိုင်ပွဲများနှင့်   နောက်ဆုံးတွင် နိုင်ငံအဆင့်ဖြစ်သည့်    တိုင်းဒေသကြီး/ပြည်နယ် ကျောင်းသားအားကစားပြိုင်ပွဲများကို     နှစ်နှစ် တစ်ကြိမ် တိုင်းဒေသကြီး/ ပြည်နယ်   မြို့တော်များ တွင်  လှည့်လည်ကျင်းပပေးခဲ့သည့် အစဉ်အလာကို ပြန်လည်အကောင်အထည်ဖော်ခြင်းဖြင့် ငြိမ်းချမ်းမှု အခြေခံစိတ်ထားရှိသူများအချင်းချင်း ချစ်ကြည်မှု၊ ရင်းနှီးမှုများ ရရှိလာမည့်အပြင် ယနေ့ပညာရေးတွင် တိုင်းရင်းသားအသီးသီး၏ ကွဲပြားခြားနားသည့် ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုကို အပြန်အလှန် လေးစားမှုစွမ်းရည်   စီကျူ (CQ = Cultural Quotient) ပြည့်ဝသူများ ဖြစ်ထွန်းလာပေလိမ့်မည်။ ဤသို့ဆိုလျှင် ဦးသန့်ပြောသည့် “ငြိမ်းချမ်းသည့် ကမ္ဘာကြီး၏အစ အားကစားက” ဆိုသည့်  အဆို သည် ခိုင်ခိုင်မာမာဖြင့်  ဆက်လက်လျှောက်လှမ်း နေပေဦးမည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ထိပ်ဆုံး က  ဆက်လက်လိုက်နာကျင့်သုံးရန်    လိုပေလိမ့်မည်။

 


အားကစားသည် ကျန်းမာကြံ့ခိုင်ရုံ၊ အားလပ်ချိန် ကို အကျိုးရှိစွာအသုံးချနိုင်ရုံနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ     မွေးထုတ်ပေးရုံအဆင့် လောက်သာ မဟုတ်တော့ပေ။  အထက်ဖော်ပြပါ ငြိမ်းချမ်းမှုကို မြတ်နိုးသည့် “ပြည့်ဝနိုင်ငံသား” များ ၏ တန်ဖိုးကို ဖြည့်ဆည်းပေးရန်အတွက် ပညာရေး ၏ အလေ့ကျင့်ခံလုပ်ငန်းဖြစ်သည်။ 

 


ထို့အပြင် ဦးသန့်  ကြိုတင်ဟောကိန်းထုတ်ခဲ့ သည့် ငြိမ်းချမ်းသည့်ကမ္ဘာသူကမ္ဘာသားစိတ်ထား ပိုင်ရှင်များ ဖြစ်ထွန်းလာစေရန် လေ့ကျင့်ပေးနေ ခြင်းလည်း  ဖြစ်ပေသည်။     ထိုသို့ဖြစ်လာစေရန် ပညာရေးက နှစ်စဉ်  ၁၁  သန်းနီးပါးခန့်ရှိနေသည့် မြန်မာ့အခြေခံပညာကျောင်းများတွင် မလွဲမသွေ လေ့ကျင့်ပေးရန် လိုအပ်ပေလိမ့်မည်။ 

 

ပညာရေးနှင့် အားကစားသည်    သီးခြားစီ မဟုတ်ကြောင်း အထက်တွင် ပြောခဲ့ပြီးဖြစ်ပါသည်။ အားကစားသည်  ပညာရေး၏     အလေ့ကျင့်ခံ ဟူသည့်သဘောကို  ရှင်းရှင်းလင်းလင်းမြင်ထား ကြသည့် တချို့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာရေးနှင့် အားကစားဝန်ကြီးဌာနကို တစ်ခုတည်းပေါင်းစည်း ထားခဲ့ဟန်တူပါသည်။   မည်သို့ပင်ဆိုစေကာမူ ယနေ့ ကျောင်းတွင်းကာယအချိန်တွင် စာဝင်သင် ရင်း  ငြိမ်းချမ်းမှုကိုမြတ်နိုးသည့်   နိုင်ငံကြီးသား များ၏   အထက်ပါအရည်အသွေးပျက်ယွင်းမှုကို ကာကွယ်ရန်နှင့် ဖွံ့ဖြိုးရေးကာယအချိန်တွင် ယနေ့ ပညာရေး၏  ကာယဖွံ့ဖြိုးမှုစွမ်းရည်    (PQ) ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ရန်အတွက် အားကစားသိပ္ပံဆင်း ကာယဆရာများအား အလယ် တန်းနှင့်   အထက်တန်းအဆင့်ကျောင်းများတွင် အားကစားနည်းပြဆရာများအဖြစ်    ခန့်အပ်ပြီး “ငြိမ်းချမ်းရေးအစ ကျောင်းတွင်းအားကစားက” ကို မဖြစ်မနေ      အကောင်အထည်ဖော်ပေးသင့်ပါ ကြောင်း အကြံပြုအပ်ပါသည်။ 

 


နောက်ဆုံးအနေဖြင့် ပညာရေးတွင် တာဝန်ရှိသူ များအား  “အနာဂတ်တွင်   စစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းသည့်    ပြည်ထောင်စုမြန်မာနိုင်ငံဖြစ် အောင်   ကျောင်းတွင်းအားကစားဖြင့်  ဆောင်ရွက် ပေးကြပါရန်”        မေတ္တာရပ်ခံတိုက်တွန်းရင်း ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်း ရေးဗိသုကာ   ပန်းတနော်မြို့၏      အမျိုးသား ကျောင်းအုပ်ဆရာကြီးနှင့် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း   ဦးသန့်၏အဆိုကို မြတ်နိုးဂုဏ်ပြု လျက် ထောက်ခံရေးသားအပ်ပါသည်။        ။

 

ကိုးကား


(၁)    ပညာရေးဝန်ကြီးဌာန (၂၀၁၀) ပညာရေး ကောလိပ်   ပထမနှစ်နှင့်    ဒုတိယနှစ် သင်တန်း ကာယပညာဘာသာ
(၂)    ဒေါက်တာမောင်သင်း (၂၀၁၁) ပညာရေး နှင့် လူ့တန်ဖိုးမြှင့်တင်ပေးသည့် အားကစား Living Colour No. 188