
နေပြည်တော် ဧပြီ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ် ပညာရေးမှူး ဦးကြည်စိန်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် သို့ရောက်ရှိကာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင် ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဝိုင်းဝန်းလက်တွဲဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းခန်းမတွင် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပညာရေးဒီဂရီကောလိပ်ဆရာ ဆရာမများ အနေဖြင့် ဆရာ ဆရာမလောင်းလျာ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာတတ် အောင်၊ ပညာတတ်အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ အောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှု ကို မြတ်နိုးတန်ဖိုးထားတတ်အောင်၊ မိဘ၊ ဆရာများ အပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင် သင်ကြားပေးစေလိုပါကြောင်း၊ သို့မှသာ ပညာရေး ဒီဂရီကောလိပ်များက သင်ကြားပေးလိုက်သည့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူ လူငယ်များကို နိုင်ငံတော်က အားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ္မာသော၊ နိုင်ငံ ချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တပည့်များကို မိမိတို့ထက်တော်သော၊ ထူးချွန်သော သူများဖြစ်စေရန် မိမိတို့တတ်ကျွမ်းသည့် အသိပညာ အတတ်ပညာများကို ဆရာစားမချန်ဘဲ သင်ကြား ပို့ချပေးစေလိုပါကြောင်း၊ စာသင်ကောင်းသည့် ဆရာ ဆရာမများဖြစ်ရန် စာပေဗဟုသုတများကိုလည်း အမြဲမပြတ် လေ့လာရန်လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရန်အတွက် ကျောင်းအတွင်း သန့်ရှင်းသပ်ရပ် ကောင်းမွန်သော ကျောင်းဥပဓိရုပ်နှင့်ပြည့်စုံရန် ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် မိမိတို့ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုး တိုးတက်ရေးကို မိမိတို့အားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ပညာရေးမိသားစုအချင်းချင်း ကိုယ်ချင်းစာတရားထားရှိဆက်ဆံကာ အောင်မြင် အောင် လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ပညာရေးဒီဂရီကောလိပ်၏ သင်ကြားရေးရာ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ လာမည့် မေ ၁၂ ရက်တွင် ပညာရေးဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ ဆရာမများ အားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းလက်တွဲ ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား သည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ယင်းနောက် တက်ရောက်လာသူများက သိရှိ လိုသည်များနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁၁) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်