
ဝါရှင်တန် ဧပြီ ၁
နာဆာ၊ အေဇီယွန်စပေ့နှင့် စပေ့အိတ်တို့သည် ဧပြီ ၆ ရက်တွင် အေဇီယွန်မစ်ရှင် ၁ (အေအိတ်-၁) ကို လွှတ်တင်ရန် ရည်မှန်းထားသည်။ အေဇီယွန်မစ်ရှင် ၁ (အေအိတ်-၁) သည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) သို့ လွှတ်တင်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်မှူးအဖွဲ့ လိုက်ပါမည့် ခရီးစဉ်ဖြစ်သည်။
အေဇီယွန်စပေ့ အာကာသယာဉ်မှူးများဖြစ်သည့် မိုက်ကယ်လိုပက်ဇ်-အယ်လီဂရီယာ၊ လာရီကော်နာ၊ မာ့ခ်ပါသီနှင့် အိုင်တန်စတစ်ဘီတို့သည် အေအိတ်-၁ မစ်ရှင်အတွက် အဓိကအဖွဲ့ဝင်များဖြစ်ကြသည်။
ယခင် နာဆာ အာကာသယာဉ်မှူး လိုပက်ဇ် အလီဂရီယာသည် အာကာသခရီးစဉ် အုပ်ချုပ်သူ အရာရှိအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှ ကော်နာသည် အာကာသ ယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ကနေဒါမှ ပါသီနှင့် အစ္စရေးမှ စတစ်ဘီတို့သည် အာကာသခရီးစဉ် အထူးကျွမ်းကျင်သူများအဖြစ် လိုက်ပါ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နာဆာထုတ်ပြန်ချက်အရ သိရသည်။
၁၀ ရက်ကြာ အာကာသခရီးစဉ်အတွင်း အမှုထမ်း များသည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ် အက်စ်)တွင် ရှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး သိပ္ပံနည်းကျသုတေသနများနှင့် တခြားဆောင်ရွက် ချက်များကို ပြုလုပ်သွားမည်ဖြစ်သည်။
ဆင်ဟွာ