
မန္တလေး မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မန္တလေး တိုင်းဒေသကြီးမှလည်း သက်ဆိုင်ရာစာစစ်ဌာနများ အလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြေဆိုကြသည်။
ယနေ့ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ် ၌ စာစစ်ဌာနပေါင်း ၁၃၉ ခု ဖွင့်လှစ်ထားရှိပြီး ဖြေဆို ရန်လျှောက်ထားသူ ၃၇၂၃၅ ဦးအနက် ၃၃၅၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၀ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
နံနက် ၈ နာရီမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမ များက စာမေးပွဲဖြေဆိုခန်းဝင်ပေါက်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ကိုယ်အပူချိန်တိုင်းတာပေးပြီး စာမေးပွဲဖြေဆို ရန် လာရောက်သူ ကျောင်းသား ကျောင်းသူများ အားလုံး ပါးစပ်နှင့် နှာခေါင်းစည်းဝတ်ဆင်ရန် နှိုးဆော် ပေးပြီး မပါရှိသူများကိုလည်း ဝေငှပေးနေသည်ကို တွေ့မြင်ရသည်။
ယနေ့ စတင်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်က “မန္တလေးတိုင်းဒေသကြီးအတွင်းမှာ စာဖြေဌာနပေါင်း ၁၃၉ ခုရှိပါတယ်။ အိုးဘိုအကျဉ်း ထောင်မှာလည်း စာဖြေဌာန တစ်ခုရှိပါတယ်။ အလားတူ မန္တလေးပြည်သူ့ဆေးရုံကြီးမှာလည်း သတ်မှတ်ထားတဲ့ စာစစ်ဌာန တစ်ခုရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဟာ ကိုဗစ်-၁၉ ရောဂါရဲ့ စိန်ခေါ်မှု၊ ဒေသအခြေအနေအမျိုးမျိုးကြားထဲကနေ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်းကို အပြည့်အဝရရှိစေဖို့အတွက် အဘက် ဘက်ကနေ စီစဉ်ဆောင်ရွက်ထားခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အနှောင့်အယှက် အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ စီစဉ်ထားရှိပါတယ်။ စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေ အနေနဲ့ အရေးကြီးဆုံးကတော့ ကျန်းမာရေးဖြစ်ပါ တယ်။ ကျန်းမာရေးဂရုစိုက်ပြီး စိတ်ကို တည်တည် ငြိမ်ငြိမ်နဲ့ ဖြေဆိုကြပါလို့ တိုက်တွန်းအားပေးလိုပါ တယ်”ဟု ပြောသည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများ လက်ဆေးကြောသန့်စင်နိုင်ရေးအတွက် လက်ဆေး ဘေစင်များထားရှိပေးခြင်း၊ ဖြေဆိုခွင့်ကတ်ပြား စစ်ဆေးရာနေရာနှင့် စာမေးပွဲဖြေဆိုခန်းဝင်ပေါက် များတွင် လက်သန့်စင်ဆေးရည်များ စီစဉ်ထားရှိပေး ခြင်းအပြင် ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဖြေဆိုမည့်အခန်း များအား ကျယ်ကျယ်ဝန်းဝန်းရှိစေပြီး အခန်းအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်လည်း စီစဉ် ဆောင်ရွက်ပေးထားသည်။
စာမေးပွဲကျင်းပစဉ် ကာလအတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် သံသယလူနာများ/ အနီးကပ်ထိတွေ့သူများ ဖြေဆိုရန်အတွက် ကျောင်းများတွင် သီးခြားစာဖြေ ခန်းများ စီစဉ်ထားရှိပေးခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာ များ စာမေးပွဲဖြေဆိုရန်အတွက် ဆေးရုံများ/ ကုသရေး စင်တာများတွင် စာဖြေခန်းများ ပြင်ဆင်ထားရှိပေး ထားကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ခင်ဌေးဝင်းက “ကျွန်မအနေနဲ့ ယခု တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနမှာ ကြီးကြပ်ရေးမှူး တာဝန်ကျပါတယ်။ ကျွန်မတို့ စာဖြေဌာနမှာ အတွဲ (၁) နဲ့ အတွဲ(၇) ဆိုပြီး နှစ်တွဲဖြေဆိုမှာ ဖြစ်ပါတယ်။ အတွဲ(၁)မှာ ၃၁ ယောက်ဖြေပြီး အတွဲ(၇)မှာ ၃၀၆ ယောက် စုစုပေါင်း ၃၃၇ ယောက် ဖြေဆိုမှာဖြစ်ပါ တယ်။ စာဖြေခန်းတစ်ခန်းမှာ အတွင်းစောင့်လက်ထောက်ကြီးကြပ်ရေးမှူး နှစ်ဦးနဲ့ စာဖြေခန်း နှစ်ခန်း ကို အပြင်စောင့် လက်ထောက်ကြီးကြပ်ရေးမှူး တစ်ဦး တာဝန်ချထားပါတယ်။ ဒီစာဖြေဌာနမှာ စုစုပေါင်း လက်ထောက်ကြီးကြပ်ရေးမှူး ၄၄ ဦးရှိပါ တယ်။ စာမေးပွဲလာရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် လက်ဆေးဆပ်ပြာတွေ နှာခေါင်းစည်းတွေ အဆင်သင့်စီစဉ်ထားပါတယ်။ ကျောင်းတွင်း ကျောင်းပြင် လုံခြုံရေးအတွက်လည်း ဆောင်ရွက်ထားပါတယ်။ ကျွန်မတို့အနေနဲ့ ကလေး တွေကို စိတ်အေးချမ်းသာစွာဖြေဆိုနိုင်အောင် စီစဉ် ပေးထားပါတယ်။ မသမာမှုကင်းရှင်းအောင်လည်းတာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက်လည်း မန္တလေးမြို့အတွင်းရှိ မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စာစစ် ဌာနအသီးသီးရှိ မြို့နယ်/ ရပ်ကွက်များမှ အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စီမံဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ယနေ့ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ တစ်နေ့ တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
မောင်အေးချမ်း