မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   မတ်   ၃၁


နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး  ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး   ဦးဌေးလှိုင်၊  အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများတက်ရောက်၍    တိုင်းဒေသကြီး/    ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

 


မှန်ကန်စွာပြုစုဆောင်ရွက်


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီး ဌာနမှ နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို သတ်မှတ် ကာလအတွင်း   လျာထားချက်ပြည့်မီရေးအတွက်   အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ      တိုင်းဒေသကြီး/ ပြည်နယ်တချို့သည်  တိုင်းလုံးကျွတ်      ပြီးစီးနေပြီဖြစ်ပါကြောင်း၊        ပန်းခင်းစီမံချက်သည်  နိုင်ငံတော်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့်   ကတ်ပြားတစ်မျိုးမျိုး   ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အဓိကထားဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မဲပေးပိုင်ခွင့်ရှိသူစာရင်း မှန်ကန် ရေးအတွက်   သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန်လည်း လိုအပ်ပါ ကြောင်း၊ မြေပြင်ရှိ လူဦးရေစာရင်းအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက  သတ်မှတ်ပုံစံများတွင်  မှန်ကန်စွာဖြည့်သွင်း ပြုစုကြရန်  လိုအပ်သကဲ့သို့ မိမိတို့ဌာနက အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိ အသက်(၁၈ နှစ်)ပြည့်ပြီးသူများစာရင်း ထုတ်နုတ်ကာ   နိုင်ငံသားကတ်မရှိသေးသူများကို ဆောင်ရွက်ထုတ်ပေးရန် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်များအနေဖြင့်   မဲစာရင်းပြုစုနိုင်ရေးအတွက် လိုအပ်သောအချက်အလက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်   လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတို့မှ  ရယူ ဆောင်ရွက်ကြရပါကြောင်း၊     ယင်းဌာနသုံးခုမှ   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အတိုင်း  ညှိနှိုင်းပေါင်းစပ်၍   မှန်ကန်စွာပြုစုဆောင်ရွက် ကြမှသာ မှန်ကန်သော မဲဆန္ဒရှင်စာရင်းကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 


ပူးပေါင်းဆောင်ရွက်ကြရန်လို


 ယခုအခါ နိုင်ငံတော်အစိုးရက   ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းပြုစုရေးလုပ်ငန်းများ ပိုမိုမှန်ကန်မြန်ဆန်စေရေးအတွက်    လုပ်ငန်းဆောင်ရွက်နေသည့် ဌာနသုံးခုအပြင် နည်းပညာဆိုင်ရာအကူအညီနှင့် လုပ်ချင်ကိုင်ချင်စိတ် ရှိသည့် လုပ်အားပေးကူညီဆောင်ရွက်ပေးမည့်သူများဖြင့် ဆောင်ရွက် သွားရန် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မိမိတို့ဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)တို့အား    နည်းပညာအကူအညီ ဖြင့်   စာရင်းပြုစုဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်ကိရိယာ ပစ္စည်းများနှင့် လူအင်အားတို့ကို ကြိုတင်တွက်ချက် ဆောင်ရွက်ထား ကြရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ် လုပ်ငန်းများ နှင့်ချိတ်ဆက်ကာ မြို့နယ်အလိုက် စာရင်းများ ဖြည့်သွင်းရယူဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊   မဲစာရင်းမှန်ကန်စွာ ပြုစုရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ မိမိဌာနအပါအဝင် ဆက်စပ်ဌာနအဖွဲ့အစည်းများက တက်ကြွစွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 


အလေးဂရုပြုဆောင်ရွက်


ထို့ပြင် ဒုတိယအချက်အနေဖြင့် ဧပြီ ၁ ရက်မှစ၍ စစ်ဆေးဆောင်ရွက် မည့် မိဘပြည်သူများသို့ အသိပေးကြေညာထားသည့်    နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့် လုပ်ငန်းစဉ်သည်လည်း စနစ်တကျဆောင်ရွက် နိုင်ရန် အရေးကြီးပါကြောင်း၊  ယင်းလုပ်ငန်းစဉ်၏   ရည်ရွယ်ချက်မှာ   နိုင်ငံသားအားလုံး နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများ မဖြစ်မနေဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပါကြောင်း၊   ရှိပြီးသူများအနေဖြင့်   ပျောက်ဆုံး/ ပျက်စီးပါကလည်း   ပြန်လည် လျှောက်ထားရယူကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင် တန်ဖိုးကို   သိရှိနားလည်ပြီး   စနစ်တကျ ကိုင်ဆောင်ကြရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊   သတ်မှတ်နေရာများ၌   နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးသည့်အခါတွင်လည်း လုပ်နည်းလုပ်ဟန်   မှန်ကန် စေရေးအတွက် အလေးဂရုပြုဆောင်ရွက်ကြရန်နှင့် ယခုလုပ်ငန်းစဉ် အပေါ် အများပြည်သူသိရှိနားလည်ကာ ရရှိပြီးသည့်   ကတ်ပြားအပေါ် အလေးထားကိုင်ဆောင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်   မိမိတို့ဌာနမှ   ဆောင်ရွက်နေသည့်   ပန်းခင်းစီမံချက်နှင့် ဆက်စပ်ကာ မဲစာရင်းမှန်ကန်စွာ ပြုစုနိုင်ရေးအတွက်  ဒေသအာဏာပိုင် များ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများအားလုံးနှင့်      ညှိနှိုင်းပေါင်းစပ်ကာ     စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က သုံးသပ်ကြံဆ ဆောင်ရွက်ကြရန်လိုကြောင်းနှင့်   လုပ်ငန်းလိုအပ်ချက်များကိုလည်း   အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း   ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။                                        

သတင်းစဉ်