
နေပြည်တော် မတ် ၃၀
နေပြည်တော်ကောင်စီ သီရိ ရတနာ မူလတန်းကြိုကျောင်းကျောင်းဆင်း နှုတ်ဆက်ပဒေသာ ကပွဲနှင့် ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ သီရိ ရတနာ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဆရာမများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မူကြိုပညာရေးသည် ကလေးများ ဖွံ့ဖြိုးမှု အထူးသဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါကြောင်း၊ အနာဂတ် အတွက် ထူးချွန်သည့်ကလေးများ ဖြစ်စေရန် မူကြိုပညာရေးက အရေးပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်နေသည့် Maternal and Child Cash Transfer Program- MCCT သည် ပုညှက်သေးကွေးနေသည့် ကလေးများရှိသည့် ဒေသများကို အထူးအလေးပေး ထောက်ပံ့ပေး နေပါကြောင်း၊ ကလေးများ အတွက် Nutrition ရရှိရန်လည်း လိုအပ်သကဲ့သို့ ကလေးများ၏ ရှေးဦးအစ ရက် ၁၀၀၀ ကာလ သည် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံး ကာလဖြစ်၍ အရေးကြီးပါ ကြောင်း၊ ရက် ၁၀၀၀ ကာလ အပြီးတွင် မူကြိုပညာသင်ယူရမည့် ကာလဖြစ်ပါကြောင်း၊ အနာဂတ် သင်ယူမှုများအတွက် အဆင်သင့် ဖြစ်နေရန် စနစ်ကျသည့် ပြုစု ပျိုးထောင်မှုက အရေးကြီးပါ ကြောင်း၊ မူကြိုပညာရေး ကလေး တိုင်းရရှိရန် လိုအပ်ချက် ဖြစ်နေပါ ကြောင်း၊ ကလေးများ၏ တီထွင် ဖန်တီးနိုင်မှု၊ စူးစမ်းလိုစိတ်ရှိမှု၊ အခြေခံသိပ္ပံ သဘောတရားများ သင်ယူနိုင်မှုနှင့်အဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု စသည့်စွမ်းရည် ပြည့်ဝရန်မှာ မူကြိုပညာရေးမှ ပံ့ပိုးပေးပါကြောင်း၊ မူကြိုပညာ သည် ကလေးများအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ် ၍ နိုင်ငံများအနေဖြင့် အထူး အလေးပေး ဆောင်ရွက်နေပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများအနက် အမြတ်အများဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်နေပါကြောင်း၊ အနာဂတ် ကာလအတွက် ပညာသင်ယူမှု ပြီးမြောက်ခြင်း၊ ကျောင်းထွက်နှုန်း လျော့ကျခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတ နေထိုင်တတ်သည့် ကလေးများဖြစ်စေရန် မူကြို ပညာရေးက လိုအပ်ချက်အနေဖြင့် ရှိနေ၍ မိဘများအနေဖြင့် မူကြို အရွယ်ကလေးများ မူကြို တက်ရောက်နိုင်ရေး ဆောင်ရွက် စေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သား ငယ်၊ သမီးငယ်များကို ကျောင်း ဆင်း ဂုဏ်ပြုလက်မှတ် ပေးအပ် ခြင်း၊ ပဒေသာကပွဲကျင်းပခြင်း၊ ဂုဏ်ပြုလက်ဆောင် ပန်းခြင်း ပေးအပ်ချီးမြှင့်ခြင်းနှင့် မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်