
မက္ကဆီကိုစီးတီး မတ် ၂၉
မက္ကဆီကိုနိုင်ငံ၌ မတ် ၂၇ ရက်ညပိုင်းက တိတ်တဆိတ်ပြုလုပ်သည့် ကြက်တိုက်လောင်းကစားပွဲတွင် သေနတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံး သူဦးရေမှာ၂၀ ထက်မနည်း ရှိလာပြီဖြစ်သည်။ မက္ကဆီကိုနိုင်ငံ မီချို အာကန်ပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအာဏာပိုင် များကပြောသည်။ည ၁၀ နာရီခွဲခန့်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရှေ့နေချုပ်ရုံးက ပြောသည်။
မှုခင်းဆရာဝန်အဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ပြီး နောက် လူ ၁၉ ဦးမှာသေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း သိရ သည်။သေဆုံးသူများထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး သုံးဦး ပါဝင်သည်။ ဆေးရုံပို့ဆောင်စဉ်အတွင်း အမျိုးသားတစ်ဦး ထပ်မံသေဆုံး ခဲ့သည်။ ထို့ပြင် ဒဏ်ရာရရှိသူအချို့ကိုလည်း ဆေးရုံပေါ်သို့ ပို့ဆောင် ပေးခဲ့သည်။
အဆိုပါပြည်နယ်မှာ ရာဇဝတ်ဂိုဏ်းများ၏ မူးယစ်ဆေးမှောင်ခို ကူးခြင်းများနှင့် အကြမ်းဖက်မှုများ ကြီးစိုးရာဒေသလည်းဖြစ်သည်။ မက္ကဆီကိုနိုင်ငံတွင်၂၀၂၁ခုနှစ်မှစတင်ကာ လူသတ်မှု၏ ၇၀ ရာခိုင်နှုန်း မှာ ရာဇဝတ်မှုဂိုဏ်းများနှင့် ဆက်စပ်နေသည်ဟု သိရသည်။
ဆင်ဟွာ