နေပြည်တော်၌ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ ရုံးခန်းဖွင့်လှစ်၍ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ

နေပြည်တော်    မတ်    ၂၈


နေပြည်တော်ကောင်စီ ဆီကုန်သည် နှင့်  ဆီလုပ်ငန်းရှင်များအသင်း  ရုံးခန်း ဖွင့်လှစ်ခြင်း   အခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီ နယ်မြေ   ဇမ္ဗူသီရိမြို့နယ်  မြို့မဈေး ပွဲရုံတန်း(ပ/၂၃၈)၌ ကျင်းပခဲ့ပြီး စားသုံးသူ ပြည်သူများကို သက်သာသော ဈေးနှုန်း ဖြင့် စားသုံးဆီများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။ 


တက်ရောက်


အဆိုပါ ရုံးခန်းဖွင့်လှစ်ခြင်း   အခမ်း အနားသို့        စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန     စားသုံးသူ ရေးရာဦးစီးဌာန၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ  တာဝန်ရှိသူများ၊   နေပြည်တော် ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ၊     ဒုတိယဥက္ကဋ္ဌနှင့် အသင်းသူ အသင်းသားများ တက်ရောက် ကြသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည် နှင့်      ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ          စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်  ရည်ရွယ်၍  ရုံးခန်း ဖွင့်လှစ်ကာ       ရောင်းချပေးခြင်းဖြစ်ပြီးတစ်ပိဿာလျှင်  လက်ကားဈေး  ငွေကျပ် ၅၉၀၀ နှုန်းဖြင့်   လွတ်လပ်စွာ   လာရောက်ဝယ်ယူနိုင် ပြီဖြစ်ကြောင်း  သိရသည်။
“နေပြည်တော်ဆီကုန်သည်နဲ့  ဆီလုပ်ငန်းရှင် များအသင်းကို စက်တင်ဘာ ၂၈ ရက်မှာ ဖွဲ့စည်း ခဲ့ပါတယ်။  အသင်းရဲ့  သက်တမ်းကတော့ ခြောက်လ ရှိပါပြီ။ အသင်းရဲ့လုပ်ငန်းတွေကိုတော့  အသင်းမှာ ရှိတဲ့     ရာသက်ပန်အသင်းသား    ၁၉ ဦးနဲ့
ဆောင်ရွက်နေပါတယ်။   မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းချုပ်ကနေ တိုင်းဒေသကြီး နဲ့  ပြည်နယ်တွေကို   ရည်ညွှန်းဈေနှုန်းနဲ့  ခွဲဝေ ပေးတဲ့အခါ နေပြည်တော်အတွက်ရရှိတဲ့   စားသုံးဆီ တွေကို နေပြည်တော်မှာရှိတဲ့ အသင်းရဲ့ နယ်မြေခံ
ရာသက်ပန်အသင်းဝင် လက်လီလက်ကား ကုန်သည် တွေကနေတစ်ဆင့်    နေပြည်တော်အတွင်းမှာရှိကြတဲ့ စားသုံးသူပြည်သူတွေကို   သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်” ဟု   နေပြည်တော် ကောင်စီ   ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ကိုထက်က  ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ    အတွင်းရှိ စားသုံးသူပြည်သူများအတွက် အသင်း၏အစီအစဉ် ဖြင့် ဈေးများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများ ကိုလည်း   စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့်   လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


“ စားအုန်းဆီ  တစ်ပိဿာကို  ကျပ် ၅၉၀၀ ပဲ ဆိုတော့ ဈေးသက်သက်သာသာနဲ့ ရတဲ့အတွက် ၁၀ ပိဿာလာဝယ်တာပါ။   ကျွန်မက   အကြော်စုံ
ရောင်းတာဖြစ်တဲ့အတွက် ဆီဈေးတွေတက်တော့ အကြော်ဈေးကို   မတက်ချင်ဘဲနဲ့  ဈေးတက်ပြီး ရောင်းနေရတယ်။  အခုလို ဈေးနှုန်းသက်သာစွာနဲ့ ရတော့ စားသုံးသူတွေ အဆင်ပြေအောင် အကြော် ဈေးကို ပြန်ချပြီး ရောင်းမှာပါ” ဟု စားရင်ကောင်း မုန့်ဟင်းခါးနှင့်   အကြော်စုံဆိုင်ပိုင်ရှင် ဒေါ်ချိုချိုက ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင် အသင်းမှ လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့် အရောင်းဆိုင်များ သည်  အသားတင်အကျိုးအမြတ် နှစ်ရာခိုင်နှုန်း ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချရမည်ဖြစ်ကြောင်း သိရ သည်။  

သတင်းစဉ်