
နေပြည်တော် မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းလဲ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမအား ဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းလဲကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး သံဃာတော်များက အာယုဝနဇာတာဆက် ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ကာ ကျိုင်းလဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားကြည်ညို ကြသည်။ ထို့နောက် ကျိုင်းလဲကျောင်းတိုက်ဆရာ တော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ် သည့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို တိုင်းမှူးက ဆက်ကပ်တော်မူပြီး သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ ဖကျောက်ကျောင်းတိုက်သို့ သွားရောက် ၍ ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် အဆိုပါ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဘောဂ၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကာ အန္တိမအဂ္ဂိ ဈာပန သာဓုကီဠနပူဇာ ကျင်းပရန်အတွက် အလှူငွေ ကျပ် ၁၀ သိန်းကို ဟိုခုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဆန္တောဘာသထံ ဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ သတင်းစဉ်