
ရွှေသာဦး (စာပေဗိမာန်)
“… ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှု ကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာ ကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏ လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီး အောင်မြင်ပါစေသတည်း” ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်း များ လေ့လာမှု” စာအုပ်၊ နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)
ရှေးခေတ်ကျမ်းပြုဆရာကြီးများ၏ ပင်ကိုသဘာဝသည် များစွာထူးခြား လှပါသည်။ မိမိတို့ ပြုစုသည့်ကျမ်းတို့၏ အဆုံးနိဂုံးတွင် မိမိတို့လိုလားသော ဆန္ဒ ကို ဖော်ထုတ်၍ ဆုတောင်းတတ်ကြ သည်။ အချို့က သမ္မာသမ္ဗုဒ္ဓဘုရားဆုကို တောင်းကြ၏။ အချို့က ပကတိသာဝ က ဆုကို တောင်းကြ၏။ အချို့သော ပညာရှင်တို့ကား ထိုသို့သော ဆုမျိုးကို မတောင်းကြ။ ရုက္ခစိုးနတ်ဆုကိုလည်း တောင်းကြ၏။ ရှင်ရသေ့ဖြစ်ရပါလို၏ ဟူ၍လည်း ဆုပန်ကြ၏။ ဤကား ကျမ်းပြီးနိဂုံး၏ ဆုပန်မှုအမျိုးမျိုး ဖြစ် လေသည်။
သို့သော် ကျမ်းပြုစာဆို မောင်မောင် ညွန့် (မန်းတက္ကသိုလ်) က ဤသို့မဟုတ်။ ထိုသို့သောဆုမျိုးကို မတောင်း။ “ဖြစ်လေ ရာဘဝတိုင်း၌ ပညာကြီးမားပြီး အများ အကျိုးကို ရွက်ဆောင်နိုင်သောကိုယ် ဖြစ်ရပါလို၏” ဟု ရိုးစင်းသော ဆုကိုသာ ပန်ခဲ့၏။ မိမိအကျိုးထက် အများအကျိုး ကို တန်ဖိုးထား၍ ဆုပန်ခဲ့သည့် စေတနာ အလှကို မြတ်နိုးလေးစားမိပါသည်။
ကျမ်းပြုသူ၏စေတနာ
“ရှေးမြန်မာစာပေဆိုင်ရာကျမ်းများ လေ့လာမှု” ကျမ်းတွင် မြန်မာတို့ လေ့လာ သုံးစွဲခဲ့သော ဘာသာစကားဆိုင်ရာ ကျမ်း ၁၀ မျိုး၏ သဘောသဘာဝနှင့် ကျမ်းစာ ပေါင်း ၆၀၀ ကျော်တို့ကို သရုပ်ခွဲ၍ တင်ပြထားသည်။ ထို့ကြောင့် ဤ ကျမ်းစာသည် ဘာသာစကား၊ စာပေနှင့် မကင်းသူများအတွက် လည်းကောင်း၊ ဘာသာစကားကို အထူးပြု လေ့လာ နေကြသော သုတေသီပုဂ္ဂိုလ်များအတွက် လည်းကောင်း၊ ရှေးခေတ် ရေးကျမ်း နှင့် ကျမ်းပြုဆရာသမိုင်းကို လေ့လာ စုဆောင်းနေကြသော ပညာရှင်များ အတွက် လည်းကောင်း အထူးအကျိုး ထူးလှသည်ကို တွေ့ရသည်။
ဆရာကြီးပြုစုခဲ့သည့် “မြန်မာနိုင်ငံ ပါဠိနှင့် ပိဋကတ်စာပေသမိုင်းသစ်” တွင် လည်း ဆရာကြီး၏ စေတနာကို တွေ့ရ သည်။ ဤသမိုင်းကျမ်းသစ်သည် ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက် မဟာသီရိဇေယျသူဘွဲ့ဖြင့် ပိဋကတ်တော်အုပ်တာဝန်ကို ထမ်းဆောင် ခဲ့သည့် မင်းကြီး ဦးယံ၏ ပိဋကတ်သမိုင်း ကျမ်း၏ အားနည်းချက်များကိုပင် ဖြည့် စွက်တင်ပြထားသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရှေးဟောင်း စာပေနှင့် ဆက်ဆံနေရသော ပညာရှင် တို့ကို များစွာအထောက်အကူပြုသော ကျမ်းဖြစ်လေသည်။
ကျမ်းစာပေတစ်ရပ်ရပ်ကို ပြုစုသည် မှာ လွယ်ကူသောလုပ်ငန်းတစ်ရပ် မဟုတ် ပေ။ စေတနာကို အရင်းခံရသည်။ ဝါသနာပါရမည်။ အနစ်နာခံရမည်။ အချိန် ယူရမည်။ ထို့ကြောင့် ကျမ်းပြုသူက ဤသို့ ဝန်ခံခဲ့လေသည်။
“…ဤပါဠိနှင့် ပိဋကတ်စာပေသမိုင်း သစ်သည် စာရင်းတွေ့ ပိဋကတ်သမိုင်း” များကဲ့သို့ လွယ်လွယ်နှင့် ဖြစ်ပေါ်လာ သည် မဟုတ်ပါ။ စာရင်းပါပေစာကျမ်း ပေါင်း ၁၃၀၀ ကျော်တို့၏ နိဒါန်းနှင့် နိဂုံး များကို ကိုယ်တိုင်ရှာဖွေဖတ်ရှုပြီးမှသာ အချက်အလက်များကို စုဆောင်းထား သော “ကျမ်းတွေ့စာပေသမိုင်း” ဖြစ်ပါ သည်။ သို့ဖြစ်၍ များစွာအချိန်ယူရပါ သည်။ များစွာလည်း လက်ဝင်ပင်ပန်း လှပါသည်” ဟူ၍ ဖော်ပြခဲ့သည်။
ကျမ်းပြုစာဆိုတို့သည် ပါရမီထူး ရှိသည်ဟုပင် ပြောရမတတ်ပင်။ ကျမ်းစာ အတွက် ဝမ်းစာဖြည့်ရသည်။ ဝမ်းစာ ဆိုသည်မှာ “စာပေဝမ်းစာကို ဆိုလိုပါ သည်” ကျမ်းစာတို့၏ အတိမ်အနက် အသိရခက်ခဲနေမှုများကို ဖော်ထုတ်ပေး ရသည်။ အထူးသဖြင့် တိမ်မြုပ်နေသော စာပေများကို ဖော်ထုတ်ပြုစုနေသူဖြစ် ၍ ဆရာကြီး၏ စေတနာမည်မျှကြီးမား လှကြောင်း သူပြုစုခဲ့သည့် ကျမ်းစာများ က သက်သေခံနေပါသည်။
ဘဝနှင့်ပုံရိပ်
၂၀၁၉ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်အဖြစ်လည်း ကောင်း၊ ကျမ်းပြုစာဆို မောင်မောင်ညွန့် (မန်းတက္ကသိုလ်) အဖြစ်လည်းကောင်း ပေါ်ထွန်းလာမည့် ဦးညွန့်မောင်ကို အဖ ဦးပိုးနှင့် အမိ ဒေါ်ဂေါက်တို့မှ ၁၉၂၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် မွေးဖွားခဲ့သည်။ မွေးဖွားရာဇာတိမှာ မန္တလေးတိုင်းဒေသ ကြီး တောင်သာမြို့နယ် နွားတဲရွာ ဖြစ် သည်။ အသက် ၆ နှစ်အရွယ် ၁၉၃၅ ခုနှစ် တွင် နွားတဲရွာ ဘုန်းတော်ကြီးကျောင်း တွင် စတင်ပညာသင်ယူခဲ့သည်။ ၁၉၄၂ ခုနှစ်အထိ ဇဂျမ်းရွာ အလယ်တန်း ကျောင်းနှင့် တောင်သာမြို့ အထက်တန်း ကျောင်းများတွင် အလယ်တန်းအထိ ပညာသင်ယူခဲ့သည်။
ပါဠိစာပေတတ်မြောက်ရန်နှင့် ပိဋ ကတ်စာပေအခြေခံကောင်းများကို ရရှိ ရန် အကြောင်းက ဖန်လာသည်။ ဂျပန် ခေတ်တွင် နွားတဲရွာ မင်္ဂလာမှန်ကျောင်း၌ ရှင်သာမဏေဝတ်ပြီး ပိဋကတ်စာပေ များကို သင်ယူခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၉ ခုနှစ် ကာလအတွင်း အစိုးရပထမ ပြန်၊ အငယ်တန်းနှင့် အလယ်တန်းတို့ကို အောင်ဖြစ်ခဲ့သည်။ အသက် ၂၀ မျှသာ ရှိပါသေးသည်။
၁၉၄၉ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ရဟန်းဝတ်ဖြင့် မန္တလေးမိုးကောင်းတိုက်၊ ဘုရားကြီးတိုက်၊ တောင်သမန်တိုက်နှင့် မြဝတီတိုက်များတွင် ပိဋကတ်စာပေများ ကို ဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပထမကြီးအောင်မြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် အစိုးရဓမ္မာစရိယ၊ ၁၉၅၉ ခုနှစ်တွင် သကျသီဟ ဓမ္မာ စရိယဘွဲ့များကို ရရှိခဲ့သည်။
ဆရာကြီးသည် လောကုတ္တရာစာပေ များ တတ်ရုံနှင့် မတင်းတိမ်ခဲ့။ အတန်း ပညာကို ဆက်လက် ဆည်းပူးလိုသေး သည်။ အသက် ၃၇ နှစ်အရွယ် ၁၉၆၆ ခုနှစ်တွင် မန္တလေးမြို့ “လှသိပ္ပံ” အထက် တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင် အောင်မြင်ပြန်တော့ တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူးလိုသည်။ ထို့ကြောင့် ရဟန်းဘောင်မှ စွန့်ခွာ၍ လူဝတ်လဲ ပြီး မန္တလေးတက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာစာအထူးပြုဖြင့် ဝိဇ္ဇာ ဘွဲ့ရခဲ့သည်။
ဝန်ထမ်းဘဝ
အတန်းပညာဘွဲ့တစ်ခုရရှိပြီးသည့်အခါ မိမိဝါသနာပါရာ တတ်ကျွမ်းရာပညာ ဖြင့် နိုင်ငံကို အလုပ်အကျွေးပြုလိုသည်။ ထို့ကြောင့် ၁၉၆၉ - ၁၉၇၀ အတွင်း ရန်ကုန်မြို့ ကမ္ဘာအေး၊ ဗုဒ္ဓသာသနအဖွဲ့၊ တိပိဋက မြန်မာအဘိဓာန်ဌာနတို့တွင် အဘိဓာန်စာပြုအဖြစ် စတင်အမှုထမ်းခဲ့ သည်။
၁၉၇၀ ပြည့်နှစ်မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် အချိန်ပိုင်း ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာသင်တန်းတက်ခဲ့ပြီး တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်၌ အလုပ်ဝင်ခဲ့ သည်။ ၁၉၇၅ ခုနှစ်မှာပင် ဘွဲ့လွန် စာကြည့်တိုက် ဒီပလိုမာကို ရရှိခဲ့သည်။
၁၉၉၂ ခုနှစ်အထိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ပေ၊ ပုရပိုက်ဌာနစိတ် တွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်း ဆောင်ခဲ့ရာ စာကြည့်တိုက်မှူး (၂) ရာထူး အထိ တိုးတက်ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ် တွင် ဤရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားလည်း အနားမယူ
ဆရာကြီး မောင်မောင်ညွန့်သည် အငြိမ်းစားရခဲ့သော်လည်း အနားမယူ ခဲ့ပါ။ မိမိကိုယ်တိုင် အပတ်တကုတ် လေ့လာရုံ၊ အားထုတ်နေရုံနှင့် မကျေနပ် သေး။ မတင်းတိမ်နိုင်သေး။ မိမိလေ့လာ သိရှိထားသမျှ၊ မိမိတတ်ကျွမ်းသမျှတို့ကို မျှဝေချင်သည်။ ဤပညာရပ်တို့ဖြင့် ဆက်လက် အလုပ်အကျွေးပြုလိုသည်။ ထို့ကြောင့် တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်၊ တက္ကသိုလ်များသမိုင်း သုတေသန ဦးစီးဌာန စာကြည့်တိုက်နှင့် ရွှေတိဂုံ စေတီတော်ပိဋကတ်တိုက်တို့တွင် အချိန် ပိုင်းကျွမ်းကျင်သူအဖြစ် ဆောင်ရွက်ခဲ့ သေးသည်။ ရန်ကုန်တက္ကသိုလ်က ပို့ချ ပေးနေသော စာကြည့်တိုက်နှင့် သုတေ သနပညာသင်တန်းများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ကြီးမှူးကျင်းပ သည့် စာကြည့်တိုက်ပညာသင်တန်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စာကြည့်တိုက်ပညာသင်တန်း များတွင်လည်း မိမိထူးချွန်စွာတတ်ကျွမ်း ထားသောပညာရပ်များကို သင်ကြားပို့ချ မျှဝေပေးခဲ့သည်။ ဆရာကြီး၏ တပည့် များက ရှေးဟောင်းစာပေပညာရပ်များ ကို တာဝန်ယူဆောင်ရွက်နေကြလေပြီ။ ထိုမျှသာမက ဆရာကြီးသည် ပြင်ပ စာစစ်တာဝန်များကိုလည်း ထမ်းဆောင် ခဲ့ပါသည်။
စာပေမှတ်တိုင်များ
၁၉၆၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ် ‘လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ’ တွင် ဖော်ပြပါရှိသည့် “အမှန်ဖြစ်စေချင် သော ‘ဖြင့်’ နှစ်မျိုး” ဆောင်းပါးဖြင့် စာပေလောကထဲသို့ စတင်ဝင်ရောက် ခဲ့သည်။ ယင်းဆောင်းပါးမှာ သာမန် ဆောင်းပါးမျိုးမဟုတ်။ ပညာရပ်ဆောင်းပါး ဖြစ်သည်။ ယင်း ဆောင်းပါးသည် ပညာရှင် တစ်ဦးရေးသားခဲ့သည့် သဒ္ဒါ ပိုင်းဆိုင်ရာ အမှားများ၊ အားနည်းချက် များကို ထောက်ပြ၍ အမှန်လမ်းကို တည့် ပေးသော ပညာရပ်ဆိုင်ရာဆောင်းပါး ဖြစ်သည်။ ပထမဦးဆုံးစရေးသည့် ဤ ဆောင်းပါးတွင်“မြန်မာမှုကို ဆရာကြီး ဦးဖေမောင်တင်၏ မြန်မာသဒ္ဒါကဲ့သို့ ယူဆသုံးစွဲသင့်ကြောင်း၊ ဝေါဟာရ လိနတ္ထဒီပနီ ဆရာကဲ့သို့ မြန်မာမှုကို ပါဠိဩဇာဖြင့်ချည်း မယူဆ မသုံးစွဲသင့်ကြောင်း ရဲရင့်စွာတိုက်တွန်း ခဲ့လေသည်။
ဤဆောင်းပါးအပါအဝင် မြန်မာ စာပေနှင့် စာပေဝေဖန်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ၊ စာကြည့်တိုက်နှင့် စာကြည့် တိုက်ပညာ၊ ပါဠိနှင့် ပိဋကတ်စာပေ ဆိုင်ရာဆောင်းပါးများစွာကို ရေးသား ခဲ့လေသည်။ ယင်းဆောင်းပါးများကို စုစည်း၍ ‘သုတရိပ်မြုံ စာရဂုံ’ အမည်ဖြင့် ၂ဝဝ၉ ခုနှစ်တွင် စာအုပ်ထုတ်ဝေခဲ့သည်။
အထက်ပါ ဆောင်းပါးများအပါအဝင် တက္ကသိုလ်ပညာပဒေသာ၊ မြန်မာ့သမိုင်း သုတေသနဂျာနယ်နှင့် စာနယ်ဇင်းများ တွင် ပညာရပ်ဆိုင်ရာ စာတမ်းများ၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ဆရာ ကြီး၏ လုံးချင်းစာအုပ်များအဖြစ် ‘ သုတ ရိပ်မြုံ စာရဂုံ’၊ ‘မြန်မာစာသင်ပုန်းကြီး အခြေပြ’၊ ‘စူဠဂန္ထဝံသ မြန်မာပြန်’၊ ‘သုတ ရိပ်မြိုင်စာဂနိုင်’ စသည့် လုံးချင်းစာအုပ် များကို ရေးသားခဲ့သည်။
ယင်းစာအုပ်များအပြင် နက်နဲသော စာအုပ်များကိုလည်း တည်းဖြတ်ခဲ့သေး သည်။ ရွှေတိဂုံ သမိုင်းပျို့၊ နန်းတွင်း ရာမပြဇာတ်တော်ကြီး သုံးတွဲ၊ ကျီးသဲ လေးထပ် ဆရာတော်၏ ဓမ္မဒေသနာ၊ ဦးယံ၏ ပိဋကတ်သုံးပုံခေါ် ပိဋကတ် သမိုင်းစာတမ်းများကို တည်းဖြတ် ထုတ်ဝေခဲ့သည်။ ရေးသူထက် ‘တည်း’ သူက ပို၍ပညာကြွယ်ရသည်ဟု ဆိုရိုး ရှိ၏။ ထို့ကြောင့် ဆရာကြီး၏ ‘ပညာ ဝမ်းစာ’ မည်မျှကြွယ်ဝလှသည်ကို သူတည်းဖြတ်ခဲ့သည့် ကျမ်းများက သက်သေထူခဲ့လေသည်။
စင်စစ်ဆရာကြီး၏ စာများမှာ အကြောင်းအရာအားဖြင့်လည်း လေး နက်သည်။ ထိထိမိမိနှင့် လိုရင်းကို ရောက်အောင် တင်ပြနိုင်သည်။ အရေး အသားအားဖြင့်လည်း တည်ကြည်သည်။ သဒ္ဒါသဘောနှင့် ဝေါဟာရအသုံးအနှုန်း မှာလည်း ပြေပြစ်သည်။ ကိုယ်တိုင်ရေး သော စာများကိုလည်း ကိုယ်တိုင် ပြန်လည်သုံးသပ်တတ်သည်။
“...ကျွန်တော်၏ စာများသည် ဝါကျတိုလေးများထွက်မလာဘဲ ဝါကျ ရှည်များသာဖြစ်၍ သွားတတ်ပါသည်။ ၎င်းပြင် ကျွန်တော်၏ ရေးဟန်သည် ပျော့ပျော့ပျောင်းပျောင်းမရှိလှဘဲ တောင့် ခိုင်သကဲ့သို့ ဖြစ်နေပါသည်။ ဆရာကြီး များအရေးလို ကဗျာမဆန်ဘဲ အဘိဓမ္မာ ဆန်သည်ဟု ယူဆစရာ ဖြစ်နေပါသည်။ ထို့ကြောင့် ဆရာကြီးများ၏ ရေးဟန်ကို အတုခိုးခြင်းမှ လက်လျှော့ကာ မိမိ ကိုယ်ပိုင်ဟန်ဖြင့်သာ ရေးရပါတော့ သည်” ဟူ၍ ‘သုတရိပ်မြုံ စာရဂုံ’ တွင် ဆရာကြီးက ရိုးရှင်းစွာသုံးသပ်၍ ဝန်ခံ ထားလေသည်။ ပညာရှင်ပီသမှု ပေါ်လွင် စေပါသည်။
ဆုသမိုင်း မှတ်တိုင်များ
ဆရာကြီး၏ အားထုတ်ကြိုးပမ်းမှု များကြောင့် အောက်ပါကျမ်းစာများဖြင့် စာပေဆုများ ရရှိခဲ့သည် -
(၁) ‘မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှုအမွေ ပေစာ၊ ပုရ ပိုက်စာမူဖြင့် ၁၉၉၈ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေစာပေဆု၊ ကျမ်းစာပေ ပထမဆု၊
(၂) ‘မန်ကျည်းစေ့ကမ္မဝါ ပန်း အက္ခရာ’ စာမူဖြင့် ၁၉၉၉ ခုနှစ် တွင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတေသနစာပေ ပထမဆု၊
(၃) ‘မြန်မာနိုင်ငံပါဠိနှင့် ပိဋကတ် စာပေသမိုင်းသစ်’ စာမူဖြင့် ၂ဝဝ၁ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ စာပေဆု၊ ကျမ်းစာပေပထမဆု၊
(၄) ‘ရှေးခေတ်မြန်မာစာပေဆိုင်ရာ ကျမ်းများလေ့လာမှု’ စာမူ ဖြင့် ၂ဝဝ၇ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေစာပေဆု၊ ကျမ်းစာပေ ပထမဆု၊
(၅) ‘မြင်းခြံမြို့ ဆရာကြီးဦးဧနှင့် တိမ်မြုပ်နေသော သူ့စာပေ များ’ စာမူဖြင့် ၂ဝဝ၈ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း စာမူဆု များ ရရှိခဲ့သည်။
(၆) မြန်မာနိုင်ငံတွင် အမြင့်ဆုံး စာပေဆုဖြစ်သည့် ‘အမျိုးသား စာပေ တစ်သက်တာဆု’ ကို ၂ဝ၁၉ ခုနှစ်တွင် ရရှိခဲ့သည်။
စာပေအားမာန်
ဆရာကြီးမောင်မောင်ညွန့်၏ စာပေ တို့ကို ရင်းနှီးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လူချင်း ရင်းနှီးသည့် ကာလမှာ မကြာမြင့်ခဲ့။ ၂ဝဝဝ ပြည့်နှစ်၊ ဆရာကြီး အသက် ၇ဝ ကျော်မှ လူချင်း ရင်းနှီးခဲ့သည်။ လူပုံပန်းအားဖြင့် ပိန်ပိန် ပါးပါးနှင့် တည်ငြိမ်လွန်းသည်။
ပညာရှိတို့မည်သည် စည်ကြီးနှင့် တူသည်ဟု လောကနီတိစာဆိုရှိ၏။ မတီးက မမြည်။ တီးလိုက်သည့်အခါ မှ အသံမြည်ဟည်း တတ်လေသည်။ ပင်ကိုအားဖြင့် လုံးဝစကားနည်းသည်။ စာအုပ်နှင့် မျက်နှာမခွာတတ်။ အမေး မရှိက လုံးဝအဖြေမရှိ။ ပညာရပ်ဆိုင်ရာ မေးမိပါက သိသမျှပြောပြရုံသာမက ကျမ်းတစ်စောင်ပြီးတစ်စောင် ဆွဲထုတ်ပြ တတ်သည်။ ဆရာကြီး၏ဝမ်းတွင် စာပေ ဟင်းလေးအိုးရှိနေသည်ဟု ထင်ရလေ သည်။
အသက် ၉ဝ နားရောက်သည့်တိုင် စာပေအားမာန်ကမကျ။ အညွန့်တက်နေ ဆဲဖြစ်သည်။ ထို အသက်အရွယ်အထိ စာဖတ်အားက လျော့မကျခဲ့။ သုတေသန ကို ဆက်လုပ်နေဆဲဖြစ်သည်။ တိမ်မြုပ် ပျောက်ကွယ်လုဖြစ်နေသော၊ နက်နဲ ခက်ခဲသောကျမ်းများကို ဖော်ထုတ်ရန် အမြဲကြိုးပမ်းနေသူဖြစ်သည်။ ဆရာကြီး ၏ကြိုးပမ်းမှုကြောင့် မြန်မာစာပေသမိုင်း တွင် တန်ဖိုးမဖြတ်နိုင်သော စာပေ ကွင်းဆက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ စာရေးသူ၏ အမြင်သက်သက်သာ ပြော ရလျှင် ကျမ်းစာနှင့် ပတ်သက်သည့် စာပေနယ်ပယ်တွင် သူတစ်ဦးတည်းသာ ရှိသည်ဟုပင် ထင်မိသည်။ ကျွန်တော်၏ စာဖတ်အား နည်းသောကြောင့်လည်း ဖြစ်ပါမည်။
ဆရာကြီးမောင်မောင်ညွန့် ကျမ်း ပြုစုရာတွင် သူ့စေတနာနှင့် အနစ်နာခံမှု မည်မျှရှိကြောင်း သူ၏ကျမ်းစာများတွင် တွေ့ရပါသည်။ နမူနာတစ်ခုပြရပါလျှင် ဆရာကြီးရေးသားခဲ့သည့် ‘မြန်မာနိုင်ငံ ပါဠိနှင့် ပိဋကတ်စာပေသမိုင်းသစ်’ တွင် အပိုင်းသုံးပိုင်းခွဲကာ ကျမ်းစာလေ့လာသူ များအတွက် လွယ်ကူအောင် ဖန်တီးပေး ခဲ့သည်။
ပိဋကတ်ကျမ်းစာ မိတ်ဆက်၊ ကျမ်း ပြုစုရသည့် ရည်ရွယ်ချက်၊ ကျမ်းကိုစီစဉ် တင်ပြပုံ၊ အတိုအမှတ် သင်္ကေတများ နှင့် ရှင်းလင်းချက်များပါ ထည့်ပေးထား သဖြင့် ကျမ်းစာလေ့လာလိုက်စားသူများ သာမက ပညာရှင်များအတွက်ပါ လမ်းစ ဖော်ပေးခဲ့သည်ဟု မှတ်ယူရပါမည်။ ပါဠိနှင့် ပိဋကတ်ကျမ်းစာများကို ကိုင်တွယ်၍ စာရင်းလုပ်နေကြရသော စာကြည့်တိုက် ဝန်ထမ်းများအတွက် များစွာအထောက်အကူပြုကြောင်း တွေ့ ရသည်။
အမှန်ကိုဝန်ခံရပါလျှင် စာရေးသူ၏ အသိပညာ တစ်မိုက်တစ်ထွာခန့်ဖြင့် မချီးကျူးရဲပါ။ မြန်မာစာပေနယ်ပယ် တွင် အရေးပါ၍ အရာရောက်ရုံသာမက မြန်မာစာ ‘ဂုရု’ ကြီးများအဖြစ် ထင်ရှား နေသူတို့၏ ချီးကျူးစကားများဖြင့် အဆုံး သတ်လိုပါသည်။
“ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်) မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်၍ အရွယ်ကြီးရင့် လှပါပြီ။ ဤအသက်အရွယ်အထိ စိတ် ဓာတ်အင်အားလျော့ပါးမသွားဘဲ စာပေ သုတေသနလုပ်ငန်းကို တစိုက်မတ်မတ် ဆောင်ရွက်ကာ ရလဒ်ကောင်းများ ဖော်ထုတ်နေဆဲဖြစ်ကြောင်း တွေ့ရသည့် အတွက် ဝမ်းသာမိသည်နှင့်အမျှ ဆရာ ကြီးကို များစွာလေးစားမိပါသည်။ ဆရာ ကြီးသည် တစ်စိတ်တစ်ပိုင်းပြီးမြောက်အောင်မြင်ပြီးသော တိမ်မြုပ်စာပေများ ဖော်ထုတ်ရေးကို ဆက်လက်အကောင် အထည်ဖော်ခြင်းဖြစ်သည်ဟု နားလည် မိပါသည်” ဟု ၂ဝ၁၃ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရ မြန်မာစာပါမောက္ခ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ‘မြင်းခြံမြို့ ကိုးဆောင်တိုက် ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး ဦးဝေ ပုလ္လအရှင် ရေးသားတော်မူသော မေတ္တာ စာအမျိုးမျိုးနှင့် အထွေထွေစာများ’ စာအုပ်၏ အမှာစာတွင် ဤသို့ ချီးကျူး ခဲ့သည်။
“ဆရာကြီးဦးညွန့်မောင်သည် (၁) ပါဠိဘာသာနှင့် ပိဋကတ်စာပေကို အမြင့်ဆုံးဖြစ်သော ဓမ္မာစရိယနှင့် သကျသီဟစာမေးပွဲများကို အောင်မြင် ထားသူ၊ (၂) မြန်မာစာပေနှင့် ဘာသာ စကားကို တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည် အထိ တတ်ကျွမ်းသူနှင့် (၃) စာကြည့် တိုက်ပညာကို ဘွဲ့လွန်ဒီပလိုမာအဆင့် အထိ တတ်မြောက်ထားသူ ဖြစ်ပါ သည်။ . . .
“. . . အခြားပညာရှင်များအနေဖြင့် ဦးညွန့်မောင် တတ်ကျွမ်းသော အဓိက ပညာရပ်သုံးမျိုးတွင် တစ်မျိုးစ၊ နှစ်မျိုး စတတ်ကျွမ်းသူများသာ ရှိချင်ရှိပေမည်။ သို့ရာတွင် ဦးညွန့်မောင်ကဲ့သို့ ပညာရပ် သုံးမျိုးလုံးကို ကျွမ်းကျင်သိရှိပြီး ပြန်လည်သင်ကြားပို့ချနိုင်သော၊ စာပေ များ ထူးချွန်စွာရေးသားတင်ပြနိုင်သော ပညာရှင်မျိုးကိုကား တစ်ဦးတစ်ယောက် ကိုမျှ တွေ့ရှိနိုင်မည် မထင်မိပေ” ဟု ၂ဝ၁ဝ ပြည့်နှစ် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီးဒေါက်တာ သော်ကောင်း၊ ဖူကူအိုကာဆုရ (ဦးသော် ကောင်း) ကလည်း ‘သုတရိပ်မြုံစာရဂုံ’ ၏ အမှာစာတွင် ဤသို့ ချီးကျူးခဲ့လေသည်။
ဤသည်တို့မှာ ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) အကြောင်းကို ကျွန်တော်ရေးသားပြခဲ့ သည်များပင် ဖြစ်သည်။ ပေါ်သည်၊ မပေါ် သည်ကိုကား စာရှုသူသာ သိပါမည်။ သို့သော် အထက်က ဖော်ပြခဲ့သည့် ဆရာကြီး နှစ်ဆူ၏ တစ်ထွာတစ်ညို မျှသောစာတို့က ဆရာကြီး၏ ဂုဏ်ပုဒ် ကို ပေါ်လွင်သွားစေသည်။ ကျွန်တော် ရေးသမျှ အားလုံးကို ဤစာနှစ်ပိုဒ်က လွှမ်းသွားပါတော့သည်။
စာပေတာဝန်ကို မည်မျှပင် ကျေပွန် ပါစေ၊ အနိစ္စတရားကား မည်သူမျှ လွန်ဆန်၍ မရ။ ၂ဝ၂၁ ခုနှစ်သည် ထူးခြားသော ဝမ်းနည်းဖွယ်ကောင်းသော နှစ် ဖြစ်သည်။ ကိုဗစ်တတိယလှိုင်းတွင် စာပေပညာရှင်များ၊ စာဆိုကဝိများနှင့် အနုပညာရှင်များစွာတို့သည် ကိုဗစ်လှိုင်း တွင် ပါခဲ့ကြသည်။ သို့သော် ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) သည် ကိုဗစ်လှိုင်း၏ ရိုက်ခတ်မှုကို မခံရ။ သို့သော် ၉၂ နှစ်သော အရွယ်သည် နေဝင်ချိန်သို့ ရောက်ပေပြီ။
၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ဆရာကြီးသည် သူချစ်သော ‘သုတရိပ်မြုံ စာရဂုံ’ ထဲမှ အပြီးအပိုင် ထွက်ခွာသွား ခဲ့လေပြီ။
စာကိုး
၁။ သုတရိပ်မြုံစာရဂုံ၊ မောင်မောင် ညွန့် (မန်းတက္ကသိုလ်)၊ အလင်းသစ်စာပေ၊ ၂ဝဝ၉ (ပထမအကြိမ်)
၂။ မြင်းခြံမြို့ ကိုးဆောင်တိုက် ဂိုဏ်းချုပ် ဆရာတော်ဘုရား ကြီး ဦးဝေပုလ္လအရှင် ရေးသား တော်မူသော မေတ္တာစာအမျိုး မျိုးနှင့် အထွေထွေစာများ၊ စုဆောင်းတင်ပြသူ မောင်မောင် ညွန့် (မန်းတက္ကသိုလ်)၊ ချမ်းသာစာပေ၊ ၂၀၁၆ (ပထမ အကြိမ်)
၃။ ၂၀၁၉ ခုနှစ် အမျိုးသားစာပေ ဆု စိစစ်ရွေးချယ်ရေးကော်မတီ နှင့် အဖွဲ့ငယ်များ၊ အစီရင်ခံစာ
၄။ ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ပြုစုခဲ့သော ကျမ်းစာများ
- Log in to post comments