သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာများ၏ အရေးပါမှုအခန်းကဏ္ဍ (၂)

 

ဒေါက်တာနိုင်ကြည်ဝင်း(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

(ယခင်အပတ်မှအဆက်)
သဘာဝရွက်ဖျန်းမြေသြဇာ ပြုလုပ်သုံးစွဲနည်း    


သဘာဝ ရွက်ဖျန်းမြေသြဇာဆိုသည်မှာ   ဒေသတွင်းရရှိနိုင်သော ပဲဖတ်၊ နှမ်းဖတ်၊  အနှစ်ရှိသော သီးနှံကြိတ်ဖတ်၊ ကုက္ကိုသီးကြိတ်ဖတ် စသည်တို့မှ ထုတ်လုပ်ထားရှိသည့် ရွက်ဖျန်းမြေသြဇာ ဖြစ်ပါသည်။ သဘာဝရွက်ဖျန်းမြေဩဇာ  ပြုလုပ်ရာတွင်  အချိုဓာတ်ဖြည့်ပေးရန် အတွက် ထန်းလျက် သို့မဟုတ် တင်လဲရည်၊ အဆွေးမြန်စေရန်အတွက် ပုလဲဓာတ်မြေဩဇာ၊ အချဉ်ဖောက်ရန်အတွက် ထန်းရည်ခါး သို့မဟုတ် အရက်ဦးရည် သို့မဟုတ် ဒိန်ချဉ် သို့မဟုတ် ရှာလကာရည်၊ အကျိုးပြု အဏုဇီဝများပါဝင်သည့် အီးအမ်တို့ လိုအပ်ပါသည်။

 


လိုအပ်သောပစ္စည်းများကို စဉ့်အိုး သို့မဟုတ် အုတ်ကန်ထဲတွင် ဖိသိပ်၍ထည့်ပြီး ပစ္စည်းတစ်ဆလျှင် ရေနှစ်ဆနှုန်းဖြင့်ရော၍  အဖုံး လုံအောင် အုပ်ပေးထားရမည်။ အချိုးကျရောစပ်ထားသော အရည်ကို  မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညနေတစ်ကြိမ် မွှေပေးရပါမည်။ ၁၀ ရက်မှ ၁၅ ရက် ကြာသည်အထိ အငွေ့သေအောင် မွှေပေးရပါမည်။ နှစ်လကြာလျှင် သဘာဝရွက်ဖျန်း မြေသြဇာအရည်ကို စတင်အသုံးပြု နိုင်ပြီဖြစ်ပါသည်။   အပင်ငယ်စဉ်တွင်   သဘာဝရွက်ဖျန်းမြေဩဇာ အမျိုးအစားပေါ် မူတည်၍ မြေဩဇာအရည် တစ်ဆလျှင် ရေအဆ  ၁၀၀-၁၅၀ ခန့် ရောစပ်၍ အသုံးပြုရမည်ဖြစ်ပါသည်။ အပင်ကြီးလာ ပါက   သဘာဝရွက်ဖျန်းမြေဩဇာ   အမျိုးအစားအပေါ်  မူတည်၍ မြေဩဇာအရည် တစ်ဆလျှင် ရေအဆ ၅၀-၁၀၀ ခန့် ရောစပ်၍ အသုံးပြုရမည်ဖြစ်သည်။ နှစ်ရက်ခြား တစ်ခါဖြစ်စေ၊  အပင်အခြေအနေ အပေါ်မူတည်ပြီး အကြိမ်အရေအတွက်ကို ချိန်ဆ၍ဖြစ်စေ ဖျန်းပေးရန် လိုအပ်ပါမည်။ 

 


သဘာဝရွက်ဖျန်းမြေသြဇာကို အသုံးပြုခြင်းဖြင့် သီးနှံများ အစေ့ အဆန် ပြည့်ဝစေခြင်း၊  အထွက်နှုန်း ကောင်းစေခြင်း၊ အရည်အသွေး ကောင်းမွန်စေခြင်းနှင့် တစ်ဧကကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ 

 


၂။ သစ်စိမ်းမြေသြဇာ 


စိုက်ပျိုးရေးကဏ္ဍတွင် သစ်စိမ်းမြေသြဇာသည်လည်း အရေးကြီး သောကဏ္ဍတစ်ခု ဖြစ်သည်။ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ဘောစကိုင်း၊ ညံ၊ ထိကရုန်း၊ မြေနိမ့်ချယ်ရီ(Gliricidia)နှင့် ပဲလွမ်း စသည့်  ပဲမျိုးရင်းဝင်များကို စိုက်ပျိုးအသုံးပြုနိုင်သည်။ ၎င်းတို့မှ အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ် ဓာတ်နှင့် အနည်းလို အာဟာရ ဓာတ်များကို ရရှိနိုင်မည်ဖြစ်သည်။

 


သစ်စိမ်းမြေဩဇာ အမျိုးအစားအလိုက် တစ်ဧကလျှင် မျိုးစေ့ ၄-၆ ပြည်နှုန်း  အသုံးပြုရပါမည်။ သစ်စိမ်းမြေဩဇာအဖြစ် အများဆုံး အသုံးပြုသည့် သီးနှံပင်သုံးမျိုးကို ထယ်ထိုးမြေမြှုပ်ပါက အာဟာရ ဓာတ်ရရှိနိုင်မည့်အခြေအနေကို ဖော်ပြပါဇယားအတိုင်း သိရှိနိုင်သည်။ 

 


မြေနိမ့်ချယ်ရီ (Gliricidia)သည် ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး မခုတ်ဖြတ်ဘဲထားပါက ၃၀-၃၆ ပေအထိ ကြီးထွားနိုင်ပြီး မြေအမျိုး အစားများစွာ၌ အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် လယ်မြေတွင် သာမက  ယာမြေများ၊  ခြောက်သွေ့သော  အပူပိုင်းဒေသများတွင် လေကာတန်းပင်အဖြစ်   အသုံးပြုနိုင်ပါသည်။  မြေနိမ့်ချယ်ရီပင်ကို စိုက်ပျိုးရန် သီးခြားမြေမလိုအပ်ဘဲ ကန်သင်းရိုးတွင် စိုက်ပျိုးနိုင်သည်။  ထို့အပြင် ကော်ဖီပင်များအတွက် အရိပ်ပင်အဖြစ် အသုံးပြုနိုင်သော အကြမ်းခံပင်ဖြစ်သည်။

 


သီးနှံစိုက်ရာသီတိုင်းတွင် မြေနိမ့်ချယ်ရီပင်များမှ ရရှိလာသည့် သစ်ကိုင်းများကို စိုက်ခင်းထဲသို့ ထည့်သွင်းပေးနိုင်သည်။ အသုံးပြုရာ တွင် အပင်များကိုခုတ်ပြီး လယ်မြေတွင်ပျံ့နှံ့ အောင် ဖြန့်ခင်းထားပါ။ ၁၀ ရက်အကြာတွင် အရွက်များကြွေသွားပြီး ကိုင်းခြောက်များကို ကောက်ယူ၍     ထင်းအဖြစ်လည်းကောင်း၊    ခြံစည်းရိုးတိုင်အဖြစ် လည်းကောင်း    အသုံးပြုနိုင်ပါသည်။   ပျံ့နှံ့နေသော    အရွက်များကို စက်ဖြင့်ဖြစ်စေ၊  နွားထယ်ဖြင့်ဖြစ်စေ  ထယ်ထိုးမြေမြှုပ်ရပါမည်။ မြေနိမ့်ချယ်ရီသည် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းကို လယ်မြေတစ်ဧကလျှင် နှစ်တန်နှုန်း ထည့်ပေးခြင်းဖြင့် စပါးအထွက် ၂၅-၃၀ ရာခိုင်နှုန်း တိုးလာနိုင်ပါသည်။   နှစ်ရှည် ထည့်သွင်းပေးခြင်း ဖြင့် မြေဆီသြဇာဓာတ် ထက်သန်လာနိုင်ပါသည်။ တောင်သူများ အတွက် စိုက်ပျိုးရလွယ်ကူသည့်အပြင် ကုန်ကျစရိတ်လည်း သက်သာ စေပါသည်။  

 


၃။ ဇီဝမြေဩဇာများ


ဇီဝမြေဩဇာဆိုသည်မှာ    အပင်အတွက်     တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြုနိုင်သည့် အဏုဇီဝသက်ရှိများပါဝင်သော မြေဩဇာကို ဆိုလိုပါသည်။  စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝမြေဩဇာ   သုတေသနများအပြင်  ဇီဝမြေသြဇာဖြစ်သည့် ပဲမြစ်ဖုဇီဝမြေသြဇာ၊ ထရိုင်ခိုဒါးမားမှို၊ အီးအမ်ဘိုကာရှီ အစရှိသည် တို့ကို သုတေသနပြု ထုတ်လုပ်လျက်ရှိပါသည်။ 

 


ထရိုင်ခိုဒါးမားမှို 


ထရိုင်ခိုဒါးမားမှိုသည် သီးနှံစိုက်ခင်းမြေများတွင် သဘာဝအတိုင်း ရှိနေသော အကျိုးပြု ဇီဝသက်ရှိမှိုတစ်မျိုးဖြစ်သည်။ အကျိုးသက် ရောက်မှုကောင်းသော ထရိုင်ခိုဒါးမားမှိုမျိုးများသည် သီးနှံပင် ကြီးထွား မှုကို အားပေးပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်ပေးနိုင်ပါ သည်။ သို့ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသန ပြုလုပ်ပြီး အကျိုးပြု ထရိုင်ခိုဒါးမားမှိုတစ်မျိုးကို ရှာဖွေဖော်ထုတ် ခဲ့ပါသည်။ ယခုအခါတွင် အဆိုပါမှိုမျိုးထုပ်များကို ပွားများထုတ်လုပ်၍ တစ်ထုပ်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

 


ထရိုင်ခိုဒါးမားမှိုကို မြေဆွေးပြုလုပ်ရာတွင်လည်းကောင်း၊ မျိုးစေ့ ဆေးစီရင်ရာတွင်လည်းကောင်း၊ ပျိုးအိုး၊ ပျိုးထုပ်၊ ပျိုးပေါင်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ ရောဂါကျစိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း အမျိုးမျိုး အသုံးပြုနိုင် ပါသည်။ 

 


ထရိုင်ခိုဒါးမားမှိုကိုအသုံးပြုပြီး ထရိုင်ခိုဒါးမားမြေဆွေး ထုတ်လုပ် နိုင်သည်။ ထရိုင်ခိုဒါးမားမြေဆွေး ပြုလုပ်ရာတွင်  ထရိုင်ခိုဒါးမား ၁၀  ထုပ်ကို နွားချေး နှစ်တင်း၊ ဖွဲနု ငါးပြည်တို့နှင့် သမအောင်ရောစပ်၍ အစိုဓာတ် အသင့်အတင့်ရှိရုံဖြင့် နှံ့စပ်အောင်နယ်ပါ။ ထရိုင်ခိုဒါးမား မြေဆွေးအရောကို ပလတ်စတစ် (သို့မဟုတ်) မိုးကာဖြင့် ၅-၇ ရက်အကြာ လုံခြုံအောင် ဖုံးအုပ်ထားပေးခြင်းဖြင့် အသုံးပြုနိုင်သော ထရိုင်ခိုဒါးမားမြေဆွေးကို ရရှိပါသည်။ အဆိုပါ ပမာဏသည် စိုက်ခင်း တစ်ဧကစာအတွက် လုံလောက်ပါသည်။ ပွားများရန် အခြေအနေ မပေးပါက တစ်ဧကလျှင် မှိုမျိုးထုပ် ၆၀ ကို စိုက်ခင်းထဲသို့ တိုက်ရိုက် ကြဲပက်ပြီး  ထွန်မွှေကာ  အသုံးပြုနိုင်ပါသည်။  ၎င်းကို နောက်ဆုံး ထယ်ရေးပြင်ချိန်တွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် နှမ်းရိုးမည်းရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ မြက်ဖုံးခြောက် ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်ရင်းပုပ်ရောဂါများကို ကာကွယ်နိုင်သည်။  

 


  ၎င်းအပြင် ထရိုင်ခိုဒါးမားမှိုထုပ်ကို မြေဆောင်၊ မျိုးစေ့ဆောင် မှိုရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မျိုးစေ့ဆေးစီရင်ရာတွင် လည်း အသုံးပြုနိုင်သည်။ အသုံးပြုပုံမှာ  ပဲ၊ နှမ်း၊ ပြောင်း မျိုးစေ့များ အတွက်   မစိုက်ပျိုးမီ ရေတွင်   မိနစ် ၃၀ မှ နှစ်နာရီခန့် စိမ်ပါ။ မျိုးစေ့ နှစ်ပြည်ကို ထရိုင်ခိုဒါးမားမှို တစ်ထုပ်နှုန်းဖြင့် လူးနယ်၍ မိနစ် ၃၀ ကြာ လေသလပ်ခံပြီးမှ စိုက်ပျိုးပါ။ စပါးမျိုးစေ့ မှိုဆောင်ရောဂါများ အတွက် စပါးမျိုးကို တစ်ရက် ရေစိမ်ပါ။ မျိုးစေ့ တစ်တင်းအတွက်   ထရိုင်ခိုဒါးမား ခုနစ်ထုပ်ကို ရေနှစ်ဂါလန်တွင် ဖျော်ပြီး ထိုဖျော်ရည်တွင် မိနစ် ၃၀ စိမ်ပြီးနောက် ပျိုးအုပ်ပါ။ ပျိုးထုပ်၊ ပျိုးအိုး၊ ပျိုးပေါင်များတွင် ထည့်သွင်းအသုံးပြုမည်ဆိုပါက ထရိုင်ခိုဒါးမား မှိုမျိုး တစ်ဆ၊ ဖွဲနု လေးဆနှင့် မြေ ၁၀  ဆရော၍ အသုံးပြုပါ။ 

 


ထရိုင်ခိုဒါးမားမှိုကို အသုံးပြုခြင်းဖြင့် အပင်ကြီးထွားမှုကို အားပေး သည့်ဟော်မုန်းများ ထုတ်ပေးနိုင်ခြင်း၊ အပင်၏ အာဟာရများ စုပ်ယူ အသုံးပြုမှုကို တိုးစေနိုင်ခြင်း၊ အပင်များအတွက် အနည်းလိုအာဟာရ ဓာတ်များ(Mn, Fe, Zn, Cu, Rock Phosphate)ကိုလည်း ပျော်ဝင် အောင် ကူညီပေးခြင်း၊ အပင်အတွက် နိုက်ထရိုဂျင် အသုံးပြုမှုစွမ်းရည် ကို တိုးတက်စေနိုင်ခြင်း၊ အပင်များအား အာဟာရချို့တဲ့ခြင်း၊ ရေငတ် ခြင်း၊ မြေဆောင်၊ မျိုး​စေ့ဆောင်ရောဂါများကို ခံနိုင်ရည်ရှိစေခြင်းဖြင့် သီးနှံပင်များ   ကြီးထွားဖွံ့ဖြိုးမှုကို    အားပေးခြင်း၊    ပျိုးခင်းပျိုးပေါင် များတွင် အသုံးပြုခြင်းဖြင့် ပျိုးပင် ကျန်းမာသန်စွမ်းစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

 


ပဲမြစ်ဖုဇီဝမြေဩဇာ (Rhizobium)


ပဲမြစ်ဖု ဇီဝမြေဩဇာဆိုသည်မှာ လေထဲမှ နိုက်ထရိုဂျင်ဖမ်းယူနိုင် သော   ဗက်တီးရီးယား(Rhizobium)များသည် ပဲမျိုးရင်းဝင် အပင် များ၏ အမြစ်များတွင် ပဲမြစ်ဖုများကိုဖြစ်ပေါ်စေပြီး အပင်ကြီးထွားမှုကို အားပေးသည့် ဇီဝမြေဩဇာဖြစ်သည်။  
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပဲမြစ်ဖု ဇီဝမြေသြဇာထုတ်လုပ် ရာတွင် ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲလွမ်း စသည့် ပဲ ခုနစ်မျိုးအတွက် သီးခြားစီထုတ်လုပ်ထားပြီး တောင်သူ များကို ဖြန့်ဝေပေးလျက်ရှိပါသည်။ တစ်ထုပ်လျှင် အလေးချိန် ၁၅၀ ဂရမ် ပါဝင်ပြီး တစ်ဧကအတွက် ပဲမြစ်ဖုဇီဝမြေဩဇာ ၁-၂ ထုပ်နှုန်း အသုံးပြုနိုင်ပါသည်။ တစ်ထုပ်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ဝယ်ယူအသုံးပြု နိုင်ပါသည်။ 

 


ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုရာတွင် တစ်ဧကစာအတွက် လိုအပ်သော မျိုးစေ့နှင့် ဇီဝမြေဩဇာ နှစ်ထုပ်ကို လူးနယ်၍ ရေကို အပေါ်မှ စိုစွတ်ရုံဖျန်းပေးပြီး နှံ့စပ်အောင်နယ်ပါ။ မျိုးစေ့ကို လူးနယ်ပြီး ချက်ချင်းစိုက်၍   မြေဖုံးပါ။   လူးနယ်ခြင်းကို  အရိပ်အောက်တွင် ဆောင်ရွက်ပါ။

 


ပဲမြစ်ဖု ဇီဝမြေဩဇာကို အသုံးပြုခြင်းသည် ပဲပင်အတွက်လိုအပ် သော နိုက်ထရိုဂျင်ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း၊ မြေမှ နိုက်ထရိုဂျင်လျော့ပါးမှုကို ကာကွယ်ခြင်း၊ ပဲအပြီး သီးထပ် စိုက်ပျိုးထားသော  ဒုတိယသီးနှံ၏  အထွက်တိုးရေးကို သွယ်ဝိုက် အကျိုးပြုခြင်း၊ နိုက်ထရိုဂျင်မြေသြဇာအသုံးပြုရန် မလိုတော့သဖြင့် နိုက်ထရိုဂျင်မြေသြဇာကို   အခြားသီးနှံများတွင်   ပိုမိုသုံးစွဲနိုင်ခြင်း၊ ပဲမျိုးအလိုက် ၂၇ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းအထိ အထွက်တိုးစေ ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ 


(ဆက်လက်ဖော်ပြပါမည်)