
မနီလာ မတ် ၂၇
ဖိလစ်ပိုင်နိုင်ငံ၌ မတ် ၂၆ ရက် အစောပိုင်းက Taal မီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြာပူများနှင့် ရေနွေးငွေ့များ ကောင်းကင်ယံသို့ လွင့်တက်သွား ခဲ့ပြီး မီးတောင်အနီးတစ်ဝိုက်တွင် နေထိုင်ကြသူထောင်ပေါင်းများစွာတို့မှာ နေအိမ်များကို စွန့်ခွာ ကာ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်ဟု အေအက်ဖ်ပီသတင်း၌ ဖော်ပြသည်။
Taal မီးတောင်မှာ မနီလာမြို့တောင်ဘက် ရေကန်တစ်ခုဘေးတွင်ရှိပြီး နံနက် ၇ နာရီ ၂၂ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံမီးတောင်နှင့် ငလျင်တိုင်းတာရေးအဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။
နောက်ထပ်လှုပ်ခတ်မှုများလည်း ပေါ်ပေါက် လာနိုင်သေးသည်ဟု သတိပေးထားသည်။ ဓာတ်ငွေ့ များ၊ ပြာပူများနှင့် အပျက်အစီးများ ရှိလာနိုင်သကဲ့သို့ ဆူနာမီလည်းဖြစ်လာနိုင်သည်ဟု သတိပေးထား သည်။ ရေကန်နံဘေးရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများကိုလည်း ၎င်းတို့၏ နေအိမ်များကို စွန့်ခွာသွား ကြရန် ပြောကြားထားသည်။
မီးတောင်ပေါက်ကွဲပြီးနောက် အနံ့မှာ ဆိုးရွား လွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲသည်ဟု ကလေးနှစ်ယောက်မိခင်က ပြောသည်။ ယခု တစ်ကြိမ်မီးတောင်ပေါက်ကွဲမှုမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ပေါက်ကွဲမှုလောက် ပြင်းထန်မှုမရှိဟု မီးတောင်တိုင်းတာရေးအဖွဲ့မှ အကြီးအကဲ ရီနာတို ဆော်လစ်ဒမ်က ပြောသည်။
လူပေါင်း ၁၂၀၀၀ ကျော်မှာ ထိခိုက်လွယ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နေကြသည်ဟု နောက်ဆုံး ရရှိထားသည့် အချက်အလက်များအရ သိရသည်။
အေအက်ဖ်ပီ