
နေပြည်တော် မတ် ၂၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ ညနေ ၄ နာရီတွင် ဥရောပအာရှ စီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား-မြန်မာချစ်ကြည်ရေး အသင်းမှ စီမံချက်မန်နေဂျာ Mr. Ilia Nesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေး ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံမှထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေး(၁)သန်းကို အသုံးပြုထိုးနှံခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆေးပညာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ရုရှားနိုင်ငံနှင့် ယခု ထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စား လှယ်အဖွဲ့က မြန်မာ-ရုရှားနှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ရုရှားနိုင်ငံမှ နိုင်ငံတကာအဆင့်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်နေမှုနှင့် အဆိုပါဆေးဝါးများ မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ရရှိရေးနှင့် သုံးစွဲနိုင်ရေးကိစ္စ၊ ဆေဝါး များနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆေးဝါးများ၊ ဆေးရုံသုံး နှင့် ရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ ပူးပေါင်း ထုတ်လုပ်နိုင်ရေးကိစ္စ၊ ဆေးဘက်ဆိုင်ရာ နည်းပညာ နှင့် အထောက်အကူပြုသင်တန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသရေးပညာရပ်ဆိုင်ရာ သင်တန်း များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဆေးတက္ကသိုလ် များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ အကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေး နှင့် ဝေးလံခက်ခဲ၍ လျှပ်စစ်မီးမရရှိသည့်ဒေသများရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ဆိုလာစနစ်ကို အသုံးပြု၍ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်