
ဘားအံ မတ် ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ဘားအံမြို့ရှောင်လမ်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်း က ရဲသာ(ကမော့ကစင်)ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ တံတား များ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အခြား ဒေသမှ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမည်ဖြစ်ကြောင်း၊ ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့်လည်း လမ်း၊ တံတားများ ရေရှည်တည်တံ့ ကောင်းမွန်ရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တာဝန် ရှိပါကြောင်းနှင့် ကျန်ရှိသည့် လမ်း၊ တံတား အဆင့် မြှင့်တင်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင် ကူညီပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ)ဦးအောင်ညိုက မြို့ရှောင်လမ်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ညိုတို့က မြို့ရှောင်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့ရှောင်လမ်းပေါ် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဘားအံမြို့ရှောင်လမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် ပြည်နယ်အထွေထွေပိုလျှံငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၇၇၃ သန်းဖြင့် ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာမှ လှာကဒေါင်ကျေးရွာ ၅ ဒသမ ၄ ကီလိုမီတာထိ ပထမပိုင်းအနေဖြင့် စတင်ဖောက်လုပ်ခဲ့ပြီး ယခုနှစ် မီနီဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၆၈၃ ဒသမ ၇၇၅ သန်းဖြင့် ဘားအံမြို့ သံလွင်တံတားသုံးမြှောင့်လမ်းဆုံ ၀ ကီလိုမီတာမှ ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာအထိကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လည်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၇၃ ဒသမ ၆၀၀ သန်းဖြင့် လှာကဒေါင်ကျေးရွာရှိ မူလ ကတ္တရာလမ်းကို ၂၄ ပေ ချဲ့ခြင်းလုပ်ငန်း၊ ကျောက်လမ်း များကို ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ဘားအံ သုံးမြှောင့် လမ်းဆုံကို လေးလမ်းသွားအဝိုင်းလမ်းဆုံအဖြစ် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)