
နေပြည်တော် မတ် ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ နှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာ ရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို ဆွေးနွေးရန် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ကိုယ်စားလှယ်များအနက် Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါ ဥရောပအာရှ စီးပွားရေးကော်မရှင် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် မှစ၍ သံတမန် ဆက်သွယ်မှုပြုခဲ့ရာ ယခုအခါ (၇၄) နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ အပေါ် ဖွံ့ဖြိုးမှုအကူအညီများပေးအပ်မှု၊ ခိုင်ခိုင်မာမာ ရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ- ရုရှား လေကြောင်းသဘောတူစာချုပ်ကို ၁၉၇၀ ပြည့်နှစ်ကတည်းက ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ အကြား လေကြောင်းပျံသန်းမှုများ ဆောင်ရွက် ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင်လည်း သတင်း အချက်အလက်လုံခြုံရေးကို ပူးပေါင်းဆောင်ရွက် ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံမှ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက် မှုများကို ကြိုဆိုပါကြောင်းပြောကြားခဲ့ပြီး လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများ၊ အီလက်ထရွန်နစ်ပစ္စည်းကိရိယာများ ဖြည့်တင်း ပံ့ပိုးပေးနိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်